ဗုံးပေါက်ကွဲမှုတွေကြောင့် နိုင်ငံကြီး တချို့ ခရီးသွားသတိပေးချက် ထုတ်ပြန်
2013.10.16

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ကဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ သြစတေးလျနိုင်ငံ အစိုးရတွေက သူတို့နိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကို ခရီးသွားတဲ့အခါ အထူးသတိထားသွားလာကြ ဖို့ကြေညာချက်ထုတ်ပြီး သတိပေးထားပါတယ်။
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်က ပေါက်ကွဲမှုမှာ အမေရိကန်အမျိုးသမီးတစ်ဦး လက်နဲ့ပေါင်မှာ ဒဏ်ရာရသွားပြီးတဲ့နောက် အခုလိုထုတ်ပြန်သတိပေး ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်အတော်ကြီးနေပြီလို့ဗြိတိန်အစိုးရ နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဗုံးဖောက်ခွဲမှုတွေနဲ့ ပတ်သက်လို့ သံသယရှိသူတွေနဲ့ ဖမ်းဆီးရမိထားသူတွေကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လွတ်မြောက်နေဆဲ သံသယရှိသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။
“အခုလောလောဆယ်တော့ မသင်္ကာသူတွေ ဖမ်းမိထားတာကို စစ်ကြောနေတဲ့ အဆင့်ပဲရှိသေးတယ်၊ နောက်သူတို့ဆီက ရတဲ့အချက်တွေအပေါ် မူတည်ပြီးတော့မှ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေက ကွင်းဆက်ဖော်ထုတ်ပြီးလုပ်နေတာရှိပါတယ်၊ နောက်တစ်ခုက ဒီနေ့နေ့လည် ၁၂ နာရီကစပြီးတော့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ကျနော်တို့ လက်ရှိဖမ်းဆီးထားတဲ့ မသင်္ကာသူရယ်၊ နောက်တခါ တောင်ငူဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စုံစမ်းမေးမြန်းဖို့ အလိုရှိနေတဲ့သူတွေရယ်ကို ဖော်ပြပြီးတော့မှ သူတို့နဲ့ပတ်သက်တဲ့ သတင်းတွေရှိရင် ပြည်သူတွေအနေ နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီးတော့မှ သတင်းပို့ဖို့ ပြည်သူလူထုကို အသိပေးနေတာတွေရှိပါတယ်”
တချိန်ထဲမှာပဲ မွန်ပြည်နယ် ဘီးလင်းမြို့မှာ မနေ့က ဖမ်းဆီးခဲ့တဲ့ ဗုံးဖောက်ခွဲမှုတရားခံလို့ သံသယရှိသူ ၃ ဦးက သူတို့အနေနဲ့ ဖောက်ခွဲမှုတွေ ကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့အကြောင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လုပ်ငန်းအကြိုညှိနှိုင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဒီကနေ့ထုတ် Yangon Times သတင်းစာကရေးပါတယ်။
ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမှုအပါအဝင် ဗုံးဖောက်ခွဲမှုတွေမှာ ကျူးလွန်တဲ့သူတွေကို ၂၄နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့ကိုစစ်ဆေးချက်အရ ဖောက်ခွဲမှုတိုင်းမှာ သူတို့သုံးဦး ပါဝင်ပတ်သက်ခဲ့တယ်လို့ ဝန်ခံလိုက်ကြောင်း ဆီးဂိမ်းပြိုင်ပွဲကို ဆုံးရှုံးအောင်၊ နှောင့်နှေးအောင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ နိုင်ငံမတည်ငြိမ်အောင်၊ နိုင်ငံဂုဏ်သိက္ခာကျအောင် ရည်ရွယ်လုပ်ဆောင်ပုံရကြောင်း မူလကခန့်မှန်းပြောဆိုခဲ့ပေမယ့် တိတိကျကျတော့ မပြောနိုင်သေးဘူးလို့ RFA ကို ဒီကနေ့ ပြောပါတယ်။
သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဗုံးခွဲတဲ့လုပ်ရပ်တွေကို ဘယ်သူကျူးလွန်တာလဲ၊ ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲဆိုတာကို အတော်များများ မေးခွန်းထုတ်နေကြတာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတား နားဆင်နိုင်ပါတယ်။