တပ်မတော် ရှင်းလင်းမှုကြောင့် RCSS တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး
2018.01.26

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းက ကျောက်မဲ-သီပေါ ပြည်ထောင်စုကားလမ်းမပေါ်မှာ ခရီးသွားပြည်သူတွေဆီက ဆက်ကြေးကောက်ခံနေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဝင်တွေကို တပ်မတော်စစ်ကြောင်းက ရှင်းလင်းခဲ့တဲ့အတွက် တစ်ဦး သေဆုံးသွားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက အခုလ ၂၅ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ဘော်ကြိုကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာမှာ ခရီးသွားပြည်သူတွေဆီက ဆက်ကြေးကောက် ခံနေတဲ့ အရပ်ဝတ်နဲ့ RCSS အဖွဲ့ဝင် ၂ ဦးကို တပ်မတော်က ရှင်းလင်းခဲ့ပြီးတစ်ဦးကို အသေဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
RCSS အဖွဲ့ဝင်တွေ ဆက်ကြေးကောက်ခံနေတာကို တပ်မတော်စစ်ကြောင်းက ခရီးသွားများအသွင်နဲ့ သွားရောက်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
RCSS အဖွဲ့ဝင်တွေဟာ နယ်မြေကျော် လွန်ဝင်ရောက်ပြီး ခရီးသွားပြည်သူတွေဆီက အဓမ္မဆက်ကြေးကောက် ခံနေတာကြောင့် ခရီးသွားတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေပြီး ဘော်ကြိုဘုရားကြီးကို လာရောက်တဲ့ ပြည်တွင်း နဲ့ နိုင်ငံခြားဘုရားဖူးတွေ လာရောက်မှုထိခိုက်လာနိုင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး RCSS က ပြန်ကြားရေးတာဝန်ရှိသူတွေဖြစ်တဲ့ ဗိုလ်မှူးကြီးစိုင်းငင်း၊ ဒုတိယဗိုလ် မှူးကြီး စိုင်းဦး၊ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း၊ ပြန်ကြားရေးဌာနက စိုင်းကျော် တို့က RFA ကဆက်သွယ်ပေမယ့် အဆက်အသွယ် မရသေးပါဘူး။
RCSS ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။