ရခိုင် လွှတ်တော် ကိုယ်စားလှယ်တွေကို ရခိုင်ပြည်နယ် အရေးကိစ္စ ဦးဇော်ဌေး တွေ့ဆုံ


2018.11.23
rakhine-mps-622.jpg နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ANP ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: Khin Saw Wai -fb

ကမန်တိုင်းရင်းသား မဟုတ်သူတွေ ကမန်အမည်ခံပြီး နိုင်ငံသားစိစစ်ရေးကတ် ရယူနေတာတွေ ရှိနေတဲ့အတွက် ကမန်တိုင်းရင်းသား အရေအတွက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားမှုတွေကို ပြန်လည်စစ်ဆေးဖို့ ရခိုင်တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အစိုးရတာဝန်ရှိသူတွေက လက်ခံသဘောတူခဲ့ပါတယ်။

အခုလ ၂၁ ရက်နေ့က နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားတွေကို နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးဆောင်ပြီး လဝက၊ ပြည်ထဲရေးနဲ့ လူကယ်ပြန်ဝန်ကြီးဌာနက တာဝန်ရှိသူတွေက အလွတ်သဘော ခေါ်ယူတွေ့ဆုံခဲ့တာလို့ ANP ပါတီက လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒေါ်ခင်စောဝေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေတို့က ကမန်တိုင်းရင်းသား အရေအတွက်တွေကို ပြန်လည်စိစစ်ဖို့ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

အစိုးရတာဝန်ရှိသူတွေက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားပေးဆောင်ရွက်နေမှုတွေကို ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကတဆင့် ဒေသခံတွေသိရှိဖို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အခုနှစ်အစောပိုင်းအထိ တစ်နိုင်ငံလုံးမှာ ကမန်တိုင်းရင်းသား လေးသောင်းကျော်ရှိပြီး တဝက်ခန့်က ရန်ကုန်မြို့ကို ရောက်ရှိနေတယ်လို့ ကမန်တိုင်းရင်းသား ခေါင်းဆောင်တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အစိုးရဘက်ကကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရခိုင်နဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေကို ရှင်းပြတဲ့အထဲမှာ တပ်မတော်ကို ICC တင်ဖို့နဲ့ မြန်မာကို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ နိုင်ငံတကာဖိအားတွေ အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုတံဆိပ်တွေ သိမ်းယူခံနေရတဲ့အကြောင်းတွေကို အစိုးရတာဝန်ရှိသူတွေက ထည့်သွင်းပြောခဲ့ပါတယ်။

ဦးဇော်ဌေး ဦးဆောင်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေက ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဒေါ်ထုမေ၊ ဒေါ်ခင်စောဝေနဲ့ ဦးဦးလှစောတို့ အပါအဝင် မြို၊ ခမီ၊ သက်အစရှိတဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ ရခိုင်မျိုးနွယ်စု အဖွဲ့အစည်းတွေက စုစုပေါင်း လူဦးရေ ၂၀ လောက်ကို ဖိတ်ကြားပြီး အလွတ်သဘော တွေ့ဆုံပွဲတစ်ခု လုပ်ခဲ့တာပါ။

ဒီတွေ့ဆုံပွဲဟာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး အစိုးရရဲ့ ဆောင်ရွက်နေမှုတွေကို ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေ နားလည်လာနိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်တာဖြစ်သလို ဒေသခံတွေရဲ့ သဘောထားတွေကိုလည်း အစိုးရတာဝန်ရှိသူတွေက နားထောင်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။

တဘက်နိုင်ငံကို ရောက်သွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားတဲ့အခါ အစိုးရအနေနဲ့ ဒေသခံရခိုင် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ တင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"သူတို့ကို နိုင်ငံသားစိစစ်မှုတွေအတွက်ရော၊ ပြန်လာမယ်ဆိုရင် ရခိုင်တိုင်းရင်းသား ဒေသခံ မြေပြင်အခြေအနေကို သိတဲ့သူတွေနဲ့ နောက်တစ်ခါ ပြည်သူ့ကိုယ်စားလှယ်တွေ၊ ပြည်သူတွေ ပါဝင်ဆောင်ရွက်ရင် ပိုမိုအဆင်ပြေမယ်ဆိုတဲ့အကြောင်းကို တင်ပြခဲ့ပါတယ်။ သမ္မတရုံးက ဦးဇော်ဌေးရယ်၊ လဝက၊ ပြည်ထဲရေးနဲ့ လူကယ်ပြန်က အရာရှိကြီးတွေရယ် တက်လာတဲ့သူတွေက ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့တော့ မြင်ပါတယ်။ ဒါကြောင့် အခုရခိုင် တိုင်းရင်းသားတွေ ဆွေးနွေးသွားတဲ့ အကြောင်းတွေကို သက်ဆိုင်တဲ့သူတွေနဲ့ ပြန်လည်ဆွေးနွေးကြလိမ့်မယ်လို့ ထင်ပါတယ်"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ မွတ်စလင်ဒုက္ခသည်တွေက အစိုးရကိုတောင်းဆိုထားတဲ့ အချက် ၁၀ ချက်ထဲမှာ သူတို့ကို မူလနေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ ပါဝင်ပါတယ်။

ရခိုင်တိုင်းရင်းသားတွေပြောတာက မွတ်စလင်ဒုက္ခသည်တွေရဲ့ မူလနေရပ်တွေဖြစ်တဲ့ မောင်တောမြို့နယ် တောင်ပိုင်းက ပင်လယ်နဲ့နီးတဲ့နေရာတွေမှာ ပြန်နေရာချထားပေးတဲ့အခါ အဲဒီဒေသက လူနည်းစုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ပင်လယ်ပြင်ကို ဆင်းပြီး ငါးဖမ်းထွက်တဲ့ အလုပ်တွေ မလုပ်ရဲတော့မယ့် ပြဿနာကြုံရနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်တန်းတွေအနီးမှာ နေရာချထားပေးမယ်ဆိုရင်လည်း လက်နက်ကိုင်စခန်းတွေ ဖွင့်လှစ်ဆောင်ရွက်ပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေလည်းရှိပါတယ်။

တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုနဲ့ အစိုးရရဲ့ လိုအပ်ချက်တွေအကြားမှာ ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်လို့ ရခိုင်တိုင်း ရင်းသားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

"ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့ သူတို့ရဲ့ လိုအပ်ချက်နှစ်ခုကြားမှာ ညှိပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးလို့ မြင်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ပါတယ်။ တစ်ဦးနဲ့တစ်ဦး နားလည်အောင်လည်း နိုင်ငံတော်အစိုးရက ကြိုးစားသင့်တယ်လို့ ကျနော် ယူဆပါတယ်။ ဒီပဋိပက္ခကို အကြောင်းပြြ့ပီးတော့ နိုင်ငံတကာက တော်တော်ကို့ ဖိအားပေးလာတယ်။ အစိုးရရော တပ်မတော်ရော ရှေ့ဆက်ဖို့က ဘေးကြပ်နံကြပ်ဖြစ်လာတယ်။ အဓိကကတော့ ကိုယ့်အချင်းချင်းလည်း ဒီအပေါ်မှာ အမြင်တူညီဖို့လိုတယ်။ အထူးသဖြင့် ရခိုင်နဲ့ မွတ်စလင်တွေကြားမှာ အမြင်ရှင်းဖို့လိုတယ်။ နားလည်မှုရှိဖို့လိုတယ်"

ဦးဖေသန်းကို အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် ခရီးလွန်နေတာကြောင့် မတက်ရောက်နိုင်ခဲ့ပါဘူး။

ရခိုင်တိုင်းရင်းသားတွေက ပြန်လည်လက်ခံရေးလုပ်ငန်းကို လက်ခံကြောင်း၊ ပြန်လာသူတွေအနေနဲ့ မြန်မာနိုင်ငံ အစိုးရက ပြဌာန်းထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား စိစစ်ရေးဥပဒေကို လက်ခံဖို့နဲ့ ဥပဒေနဲ့ အညီအစစ်ဆေးခံဖို့လိုကြောင်းနဲ့ ကိုဖီအာနန်ကော်မရှင် အကြံပြုထားမှုနဲ့ မွတ်စလင်ဒုက္ခသည်တွေ တောင်းဆိုကြတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား စိစစ်ရေးဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ အချက်ကိုတော့ လက်မခံနိုင်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး အစိုးရဘက်က ဆောင်ရွက်ရာမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကို အခုမှပထမဆုံးအနေနဲ့ ခေါ်ယူမေးမြန်းတဲ့သဘောလို့ ပြောနိုင်ကြောင်း ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ကတော့ အခုမှပဲ တစ်ကြိမ်ခေါ်ယူတွေ့ဆုံတာ ကျနော်တို့ တွေ့ရတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ အားရကျေနပ်မှု မရှိဘူးခင်ဗျ။ ခုစပြီးတော့ ခေါ်ယူဆွေးနွေးတယ်၊ ဖိတ်ခေါ်တယ်ဆိုတာ ကျနော်တို့ ကြိုဆိုပါတယ်။ အဲဒီလိုလုပ်ရပ်တွေဟာ ခိုင်ခိုင်မာမာနဲ့ အဓိပ္ပာယ်ရှိဖို့လိုတယ်။ လူအမြင်ကောင်းအောင်ဆိုပြီး နှစ်သိမ့်တဲ့၊ ချွေးသိမ့်တဲ့ပုံမျိုး အမြင်ကောင်းအောင် သာမာန်လုပ်တဲ့ ပုံစံမျိုးဆိုရင်တော့ ဒါသိပ်ပြီးတော့ နေရာမကျဘူးခင်ဗျ"

ဒီလိုတွေ့ဆုံပွဲတွေကို နှစ်လ ဒါမှမဟုတ် သုံးလမှာ တစ်ကြိမ် လုပ်ဆောင်ဖို့ ရခိုင်တိုင်းရင်းသားတွေက အစိုးရကို တင်ပြခဲ့တာရှိပြီး အစိုးရတာဝန်ရှိသူတွေက ပြုလုပ်နိုင်ရေး ကြိုးပမ်းသွားမှာဖြစ်သလို နောက်ဆွေးနွေးပွဲတွေမှာ အခုတစ်ကြိမ် တက်ရောက်သူတွေ မဟုတ်ဘဲ တခြားသော ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေကို တွေ့ဆုံတာမျိုးတွေလည်း ဖြစ်နိုင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

"အခု လက်ရှိလက်ခံတော့မယ်ဆိုတဲ့ အနေအထားမှာ ရခိုင်က တိုင်းရင်းသားတွေက ကျေနပ်မှု မရှိနိုင်ဘူးဆိုတဲ့ အတိုင်းအတာတွေနဲ့ အသံတွေကြားနေရတယ်။ ဆန္ဒဖော်ထုတ်မှုတွေလည်း ရှိနေကြတဲ့အခါ ဒါကိုဖြေလျော့နိုင်အောင် ဆောင်ရွက်တယ်လို့ ကျနော် ဒီလိုမြင်တယ်ဗျ။ တိုင်းရင်းသား ပြည်သူတွေရဲ့ သဘောထားကို အစိုးရက ရယူပြီးတော့ လက်ခံဆောင်ရွက်မယ်ဆိုရင် ထိရောက်အောင်မြင်နိုင်တယ်။ သဘောထားကိုတော့ နားထောင်တယ်၊ ဒါပေမဲ့ ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုရင်တော့ ထိရောက်အောင်မြင်မှုဟာ ရှေ့ရောက်နိုင်စရာ အကြောင်းမရှိဘူးဆိုတာ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ မွတ်စလင်ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ်ကို လာမယ့် ဒီဇင်ဘာလကုန်ပိုင်းကို ရွှေ့ဆိုင်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေက သူတို့ကို တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ ဆိုပြီး ပေါင်းထည့်ပြီး ၁၃၆ မျိုးသတ်မှတ်ပေးဖို့၊ မူလနေရပ်တွေမှာ နေရာချထားပေးဖို့၊ လွတ်လပ်စွာ သွားခွင့်ပေးဖို့၊ နိုင်ငံတကာက လုံခြုံရေးပေးဖို့ စတဲ့အချက် ၁၀ ချက်ကို မြန်မာအစိုးရဘက်က အကောင်အထည်ဖော်ပေးမှသာ မြန်မာနိုင်ငံကို ပြန်လာမယ်လို့ ပြောထားပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်းပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။