၂၁ ရာစု ပင်လုံညီလာခံကို ဒီဇင်ဘာလကုန် (သို့မဟုတ်) ၂၀၁၉ နှစ်ဆန်းပိုင်းမှ ကျင်းပနိုင်မည်


2018.11.23
zawhtay-622.jpg နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ်
Photo: myanmar president office

စတုတ္တအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ဒီဇင်ဘာလကုန်ပိုင်း (ဒါမှမဟုတ်) လာမယ့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ကျင်းပနိုင်တော့မှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

နိုင်ငံတော် သမ္မတရုံးမှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သတင်းထောက် တစ်ဦးရဲ့ မေးခွန်းကို ဦးဇော်ဌေးက အဲဒီလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ဒီနှစ် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ဖို့ အစိုးရက မျှော်မှန်းခဲ့ပေမယ့် KNU အဖွဲ့က အစိုးရနဲ့ တရားဝင်အစည်းအဝေးတွေကို တက်ရောက်ဖို့ ဆိုင်းငံ့လိုက်တာ၊ RCSS အဖွဲ့ကလည်း JMC လို့ခေါ်တဲ့ အပစ်ရပ်စောင့်ကြည့်ရေး အစည်းအဝေးတွေက တရားမျှတမှု မရှိဘူးဆိုရင် နောက်ပိုင်းတွေမှာ JMC အစည်းအဝေးတွေ တက်ရောက်မှာ မဟုတ်တော့ဘူးလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အစိုးရက ၂၀၂၀ ပြည့်နှစ်မတိုင်မီ ၂၁ ပင်လုံ အစည်းအဝေးတွေကို ၃ ကြိမ် ကျင်းပပြီး ဖက်ဒရယ်အခြေခံမူတွေ ချမှတ်နိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ရှိပါတယ်။

တဆက်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်ခေါ်ရေးအစီအစဉ်ကို လာမယ့် ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းလိုက်ကြောင်းနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် သတင်းမီဒီယာတွေ သိလိုတဲ့ အချက်တွေကို အချိန်နဲ့တပြေးညီ မေးမြန်းနိုင်ဖို့ သမ္မတအိမ်တော် သတင်းထောက်တွေပါဝင်တဲ့ လူမူကွန်ရက် အင်တာနက် ဖေ့စ်ဘွတ် Chat Group မှာ မေးနိုင်ကြောင်းနဲ့ သူ့အနေနဲ့ အားလုံးသိရှိနိုင်ဖို့ ဖြေကြားသွားမှာဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။