၀န်ထမ်းတွေကို ဧပြီလကစပြီး လစာတိုးမြှင့်ရရှိ
2018.04.29
နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်တာကို ဒီဧပြီလကစပြီး ခံစားခွင့်ရှိပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း လက်မှတ်ရေးထိုးပြီး ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီလကုန်ရမယ့် လစာကစပြီး အရာထမ်းတွေကို ၁၀ ရာခိုင်နှုန်းနဲ့ အမှုထမ်းတွေကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးသွား မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ပြောပါတယ်။
"တစ်ဆယ်၊ နှစ်ဆယ်ဆိုတာ အရာထမ်း ၁၀ ၊ အမှုထမ်း ၂၀ သမ္မတကြီး မိန့်ခွန်းထဲမှာ ပါပြီးသားပါ၊ အဲ့ထဲက အတိုင်း တွက်ချက်ထားပြီး ထုတ်ပြန်ထားတာ၊ ဒီဧပြီလစာကစပြီး ရကြမှာပါ"
နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးတာဟာ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ တာဝန်ယူမှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးနဲ့ လူမှုအဆင့်အတန်းတွေကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံဝန်ထမ်းတွေရဲ့လစာနှုန်းထား တိုးမြှင့်သတ်မှတ်တာနဲ့ ပတ်သက်ပြီး ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်ကြေညာစာမှာ ပါရှိပါတယ်။
ဒါ့အပြင် အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာ၊ ဌာနအဖွဲ့အစည်းတွေမှာ ခန့်ထားတဲ့ ဝန်ထမ်းတွေရဲ့ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူတွေရဲ့ လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်တွေရဲ့ချီးမြှင့်ငွေ တိုးမြှင့်သတ်မှတ်တာတွေကိုတော့ သုံးသပ်တွက်ချက်ပြီး သီးခြားထုတ်ပြန်သွားမယ်လို့ ပါရှိပါတယ်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းတွေအတွက် သတ်မှတ်ထားတဲ့ လစာ၊ စရိတ်နှုန်းထားတွေနဲ့ ခွင့်ပြုပေးနိုင် မယ့် အငြိမ်းစားလစာ၊ ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီ ထံ တင်ပြပြီး အတည်ပြုချက် ရယူဆောင်ရွက်ဖို့လည်း ဖော်ပြထားပါတယ်။