အလုပ်သမားဆန္ဒပြပွဲတွေ ဥပဒေ ချိုးဖောက်ရင် အရေးယူမယ် လို့ ကြေညာ


2015.02.18
factor-workers-protest-305.jpg လုပ်ခလစာတိုးမြှင့်ရေးအတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အလုပ်သမားတွေ ရန်ကုန်မှာဆန္ဒပြကြစဉ်
Photo: Wai Yan Moe Myint/RFA

ရွှေပြည်သာနဲ့လှိုင်သာယာ စက်မှုဇုန်တွေမှာ လစာ တိုးပေးဖို့တောင်းဆိုဆန္ဒပြ နေတာတွေမှာ ဥပဒေ ချိုးဖေါက်မှုတွေရှိရင် အလုပ်ရှင် အလုပ်သမားမခွဲခြားဘဲ အရေးယူမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က သတိပေးကြေညာလိုက်ပါတယ်။

ခွင့်ပြုချက်မတင်ဘဲ စက်ရုံတွေရှေ့မှာ ပိတ်ဆို့ဆန္ဒပြတဲ့ အတွက် အရေးယူဖို့ ကြေညာ တာဖြစ်တယ်လို့ ရန်ကုန် တိုင်းဒေသကြီးကို ကိုယ်စားပြုပြီး အလုပ် သမားတွေနဲ့ ညှိနိုင်း နေတဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်အေးမောင်က ပြောပါတယ်။

"'ဒါကတော့ ဥပဒေမဲ့ သူများအဆောင်ရှေ့မှာ ပိတ်ဆို့တာတို့၊ ငြိမ်းချမ်းစွာစုဝေး လှည့်လည်ခွင့် ဥပဒေနဲ့အညီ ခွင့်ပြုချက်မတင်ဘဲနဲ့ လှည့်လည်တာ ကျူးလွန်ရာရောက် တယ်လေ၊ ဥပဒေကျူးလွန်ရင် ဥပဒေနဲ့အညီ အရေးယူမယ်လို့ကြေညာတယ်"

ရွှေပြည်သာ စက်မှုဇုန် စက်ရုံ ၄ ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေက သူတို့ သပိတ် စခန်းတွေကို ဖယ်ရှားပေး မှာ မဟုတ်ဘူးလို့ E-Lan Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းက ပြောပါတယ်။

"အစိုးရဘက်က ဘာပြောတာလဲဆိုတော့ ကျနော်တို့ကစက်ရုံရှေ့မှာ ပိတ်နေတဲ့အတွက်၊ သူများလုပ် ငန်းခွင်ကို ပိတ်ဆို့ နှောင့်ယှက်တဲ့အတွက်၊ ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ပြောပါတယ်၊ ကျနော်တို့သာ အဲ့ဒါတွေကို ဂရုစိုက်နေမယ်ဆိုရင် စားဝတ်နေရေး အရမ်းခက်ခဲသွားပါလိမ့်မယ်၊ အစိုးရအနေနဲ့ သူတို့လုပ်စ ရာရှိတာလုပ်ပါ၊ ကျနော်တို့ ကတော့သပိတ်ကို မဖယ်ပေးနိုင်ပါဘူး "

E-lan Myanmar ၊ Costec ၊ Ford Glory ၊ ဟန်ကျင်း အထည်ချုပ်စက်ရုံက အလုပ် သမား ၅၀၀ ကျော်က လုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် သပိတ်စခန်း ဖွင့် တောင်းဆိုနေတာ တစ်ပတ်ကျော်ရှိနေပြီဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားကိုယ်စားလှယ်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ ဟာ အင်းစိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ ၂ရက်ကြာညှိနှိုင်းနေတာ ပြေလည်မှုမရသေးပါဘူး။

အလုပ်သမားတွေက အခြေခံလုပ်ခလစာ တစ်လကျပ် ၃ သောင်း တိုးပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီးဌာန ယာယီညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ကို RFA သတင်းထောက် ကိုအောင်ကိုကိုက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။