အစိုးရတပ်နဲ့ ညှိနှိုင်းဖို့ UWSA တပ်များ ဝိုင်းထား
2015.06.06
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့အခြေစိုက် ခမရ ၅၉၁ တပ်ကို ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က တပ်ရင်းနှစ်ရင်းနဲ့ ဝိုင်းထားပြီး အစိုးရနဲ့ညှိနှိုင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဝ တပ်မတော် လက်အောက်ခံ သစ်ထုတ်လုပ်တဲ့အဖွဲ့က ၆ ဦးကို အစိုးရစစ်တပ်က ဖမ်းဆီးရာကနေ နှစ်ဖက် စစ်ရေးတင်းမာနေတာကို အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ထံ တင်ပြပြီး ညှိနှိုင်းမှာဖြစ်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။
"ဒီလိုဖြစ်ရတဲ့ကိစ္စကို တြိဂံတိုင်းကလည်း ကျနော့်ဆီဖုန်းဆက်သေးတော့ ပြောပါတယ်၊ ပြေပြေလည် လည်ဖြစ်အောင်ပေါ့ ညှိနှိုင်းကြဖို့ပေါ့၊ ကျနော်တို့ဘက်ကလည်းဒီကိစ္စကို နေပြည်တော်ကို ၄ ရက်နေ့ကပေါ့ UPWC ဒု- ဥက္ကဌပေါ့ ဦးသိန်းဇော်ဆီကိုလည်း ဖုန်းဆက်ပါတယ်၊ သူက အစည်းအဝေးဝင်နေတဲ့အတွက် သူ့ရဲ့ PSO ဆီကို သေချာဆွေးနွေးပြီးတော့ တင်ပြလိုက်ပါတယ်၊ ဒါပေမဲ့ သူ့ PSO ကလည်း စာနဲ့တင်ပြပေး ဖို့ပြောပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့လည်း အခုလို စာတင်ဖို့ပြင်နေပါတယ်"
သစ်ထုတ်လုပ်သူတွေကို ရဲနဲ့ သစ်တောဝန်ထမ်းတွေက ဖမ်းဆီးတာကို လက်ခံပေမယ့် အစိုးရစစ်တပ်က ဝင်ရောက်ဖမ်းဆီးတာကို လက်မခံကြောင်း ဦးအောင်မြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ပုံပါကျင်နဲ့ မိုင်းတုံမြို့နယ်ကြားမှာ သစ်ထုတ်လုပ်နေတဲ့ UWSA အဖဲ့ွက ၁၆ ဦးကို အစိုးရစစ်တပ်က ဖမ်းဆီးလိုက်ပြီး ၁ဝ ဦးကို လွှတ်ပေးလိုက်ပေမယ့် ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ် တယ်လို့သိရပါတယ်။
အင်အား ၉ဝ လောက်ရှိတဲ့ မိုင်းတုံအခြေစိုက် ခမရ ၅၉၁ တပ်ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစပြီး ဝ တပ်ရင်းနှစ်ရင်းက ဝိုင်းထားတာဖြစ်ပါတယ်။
UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။