ကျောင်းသားသပိတ်စစ်ကြောင်းကို အရေးယူဖို့ ဒုတိယမြောက် သတိပေး


2015.02.28
mdy-students-march.jpg ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်မြို့ကို ချီတက်လာစဉ်
Photo: Hset Paing Toe/RFA

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေး အတွက် ကျောင်းသားစစ်ကြောင်းတွေ ရန်ကုန်ကို ချီတက်လာမယ်ဆိုရင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းရာမရောက်ပဲ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်ဦးတည် ရာ ရောက်စေတဲ့အတွက် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်ထဲရေးဝန်ကြီး ဌာနက သတိပေးကြေညာချက်တစ်စောင်ကို ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နေ့စွဲနဲ့ထုတ်ပြန်လိုက် ပါတယ်၊

ဆန္ဒပြကျောင်းသားတွေရဲ့ တောင်းဆိုချက်အရ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးကို ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ လွှတ်တော်မှာ စတင်ကြားနာဆွေးနွေး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ဆန္ဒပြကျောင်း သားတွေအနေနဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ရပ်ဆိုင်းထားဖို့ လိုအပ်တယ်လို့လည်း အစိုးရဖက်က ဒုတိယအကြိမ်မြောက် သတိပေးထုတ်ပြန်လိုက်တဲ့ အဲ့ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ပံတန်းမြို့မှာ ခေတ္တရပ်နားထားတဲ့ ဆန္ဒပြကျောင်းသား ပင်မသပိတ်စစ်ကြောင်းကတော့ ဒီနေ့ညမှာ ကျောင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး အထက်တန်း စာမေးပွဲတွေရှိတဲ့အတွက် ရန်ကုန်မြို့ကို မနက်ဖြန် ဆက်လက် ချီတက်၊ မတက် အပြီးသတ်ဆွေးနွေး ဆုံးဖြတ်ကြလိမ့်မယ်လို့ NNER အဖွဲ့ဝင် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

"ကျမပြောနိုင်ပါတယ် ဘာကြောင့်လည်းဆိုတော့ မနက်ဖြန် ၁ ရက်နေ့ကို အဲ့ဒီတော့ ၁ ရက်နေ့ အမှီတော့ ဒီနေ့ ည ဆုံးဖြတ်ကြမှာပါ၊ သူတို့အနေနဲ့ကလည်း တစ်မြို့တည်းမှာ အကြာကြီးနေနေ ဖို့ဆိုတာတော့ ကလေးတွေအနေနဲ့တော့ အခက်အခဲတော့ရှိမှာပေါ့လေ၊ ကျောင်းသားတွေက လည်း ကျောင်းသားတွေရဲ့ အေးချမ်းစွာ ပညာသင်ကြာရေး သူတို့ထည့်ပြီးစဉ်းစားလိမ့်မယ်လို့ ကျမထင်ပါတယ်"

အမျိူးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြချီတက်လာတဲ့ ပင်မစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကတည်းက လက်ပံတန်းမြို့မှာ ခေတ္တရပ်နားထားတာဖြစ်ပြီး မတ်လ ၁ ရက်နေ့မှာ မူလရည်ရွယ်ချက် အတိုင်း ရန်ကုန်ကို ဆက်လက် ချီတက်ကြမယ်လို့ ပြောထားပါတယ်။

ဒေါက်တာ ညိုညိုသင်းကို RFA ဝိုင်းတော်သူ မသင်းသီရီ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။