စစ်တပ်အတွက် မုဒိမ်းမှုဟာ လက်နက်
2014.01.14
အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲနေပြီဆိုပေမယ့် တိုင်းရင်းသားဒေသတွေက အမျိုးသမီးတွေမှာတော့ အစိုးရစစ်တပ်က မုဒိမ်းမှုကို လက်နက်သဖွယ် ဆက်လက်ကျင့်သုံးနေတာကို ခံနေကြရဆဲပဲလို့ အမျိုးသမီးအဖွဲ့တစ်ဖွဲ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် WLB ခေါ် အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) က မနေ့က ထုတ်ပြန်လိုက်တဲ့ " မပြောင်းမလဲ အပြစ်လွတ်နေဆဲ " ဆိုတဲ့ အစီရင်ခံစာမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီးကနေ ၂၀၁၃ ခုနှစ်အထိ တိုင်းရင်းသားဒေသတွေ အထူးသဖြင့် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ တစ်ရာကျော် အစိုးရစစ်တပ်ရဲ့ အဓမ္မကျင့်ကြံခံခဲ့ရကြောင်း ဖေါ်ပြထားပါတယ်။
အစီရင်ခံစာပါ အမှုတွေထဲက ၄၇ မှုဟာ အုပ်စုလိုက် အဓမ္မကျင့်ကြံမှုတွေဖြစ်ပြီး၊ ဖြစ်စဉ်တွေအတွင်း အမျိုးသမီး ၂၈ ယောက်ဟာ အသတ်ခံရ ဒါမှမဟုတ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။ အဓမ္မ ကျင့်ကြံခံခဲ့ရသူတွေထဲမှာ အသက် ၈ နှစ်အရွယ်အထိ ပါဝင်တယ်လို့လည်း ဖေါ်ပြပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) နဲ့ တခြားအဖွဲ့တွေရဲ့ ကောက်ခံချက်တွေအရ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ၅၉ မှု၊ ရှမ်းပြည်နယ်မှာ အမှု ၃၀ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ကောက်ခံချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး Julia Marip က RFA ကို အခုလိုပြောပါတယ်။
“ဒီအမှု ၄ဝ၄ ခုက ကျမတို့လုပ်နိုင်တဲ့နေရာက နေရာတကာလည်း မသွားနိုင်ဘူး၊ တကယ်လို့ ကချင်ပြည်နယ်အတွင်းမှာ ရောက်မယ်ဆိုရင်လည်း ကချင်ပြည်နယ်ရဲ့ တစိတ်တဒေသ၊ နေရာဒေသ နည်းနည်းလေးအတွင်းမှာပဲ ကောက်ခံရရှိတာဖြစ်တယ်၊ ဒါက ကချင်ပြည်နယ်တွင်းတောင်မှ မရောက်သေးဘူးပေါ့နော်၊ အဲဒါကြောင့် ဒီသုံးနှစ်အတွင်းမှာတောင် နေရာနည်းနည်းလေး၊ လူအင်အားနည်းနည်းလေး ကောက်တာတောင်မှ ဒီလောက်အများကြီး ဖြစ်နေတယ်ဆိုတော့ ကျမတို့ အခြားမမြင်ရတဲ့နေရာမှာလည်း အများကြီးရှိမယ်လို့ ကျမတို့ယုံကြည်တယ်”
အစိုးရဘက်ကတော့ ဒီကိစ္စတွေကို ငြင်းဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မုဒိမ်းမှုကို လက်နက်သဖွယ် ကျင့်သုံးမယ်ဆိုတဲ့မူဝါဒမျိုး တပ်မတော်မှာ မရှိပါဘူး၊ တစ်ဦး တစ်ယောက်ချင်းတွေအနေနဲ့ ကျူးလွန်တယ်ဆိုရင်လည်း မိမိတို့က စုံစမ်းဖေါ်ထုတ်ပြီး ကျူးလွန်သူတွေ ကို အရေးယူအပြစ်ပေးတာပါပဲ၊ ဒီ အစီရင်ခံစာကို ပြုစုသူတွေအနေနဲ့ အမှုတွေနဲ့ပတ်သက်ပြီး အချက်အလက် အသေးစိတ်တွေကို မိမိတို့ဆီ တင်ပြမယ်ဆိုရင် ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ အထောက်အကူ အများကြီးရမှာဖြစ်ပါတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒီအတွင်း မြန်မာ့တပ်မတော်နဲ့ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမေရိကန်အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး၊ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးနဲ့ တခြားပြုပြင်ပြောင်းလဲမှုဆိုင်ရာ မှတ်တမ်းကောင်းတွေ ရရှိမှသာ အဲဒီအစီအစဉ်အတွက် ရံပုံငွေရရှိနိုင်မယ်လို့ ထင်ရှားတဲ့ လွှတ်တော်အမတ်တွေ ပါဝင်တဲ့အဖွဲ့က ပြီးခဲ့တဲ့လ က ပြောကြားခဲ့ပါတယ်။
WLB ပြောခွင့်ရှိသူ နော်ဂျက်ဆီကာကို RFA ဦးဘအောင်က ဆက်သွယ်မေးမြန်းချက်ထားတာ နားဆင်နိုင်ပါတယ်