အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် NCCT အဖွဲ့တို့ တွေ့ဆုံ
2013.12.16
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းပါ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံပွဲမှာ လာမယ့်ဇန်နဝါရီလ ကရင်ပြည်နယ် ဘားအံမြို့မှာ ဆွေးနွေးမယ့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် နှစ်ဘက်သဘောထားအမြင်တွေကို ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ NCCT အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး CNF က ဒေါက်တာ လျံမုန်းဆာခေါင်က ပြောပါတယ်။
“ဇန်နဝါရီလအတွင်းမှာ ကျနော်တို့ တိုင်းရင်းသားတွေ သီးခြားတွေ့ဆုံမယ်၊ ပြီးလို့ရှိရင် ကျနော်တို့ မြစ်ကြီးနားမှာဆုံခဲ့သလိုပေါ့ အစိုးရအဖွဲ့နဲ့ ကျနော်တို့ ဘားအံမှာတွေ့ဆုံဖို့ကိစ္စ တိုင်ပင်ကြမှာဖြစ်တယ်၊ အဲဒါက ပထမအချက်၊ ဒုတိယအချက်အနေနဲ့ကတော့ အဲလိုနဲ့ဆုံတဲ့အခါကျလို့ရှိရင် တကယ့်အဖြေကောင်းတွေ ထွက်နိုင်အောင် ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့အတွက် စာတမ်းတွေ သဘောတူညီချက်မူကြမ်းတွေ နှစ်ဘက်ပူးပေါင်းပြီးတော့ ပြင်ဆင်ဖို့ ကျနော်တို့လုပ်နေတာ၊ အဲဒီစာတမ်းတွေအပေါ်မှာ နှစ်ဘက်စလုံး သဘောတူနိုင်တဲ့အချက်တွေပါအောင် ကျနော်တို့ပူးပေါင်းပြီးတော့ အဖြေရှာဖို့ ကျနော်တို့ ဒီနှစ်ချက်ကို အဓိကထားပြီး ဆွေးနွေးပါမယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ကချင်ပြည်နယ် လိုင်ဇာမြို့ KIO ဌာနချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက် ၁၁ ချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ရေးဆွဲဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၁၃ ဦး နဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့ NCCT ကို ဖွဲ့စည်းခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲကို KNU ဌာနချုပ်မှာ ဇန်နဝါရီလအတွင်း ပြုလုပ်မယ်လို့ သိရပါတယ်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူကြမ်းပါ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ရဲ့ ညှိနှိုင်းဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲမှာပါဝင်တဲ့ NCCT အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး CNF က ဒေါက်တာ ဆလိုင်း လျံမုန်းဆာခေါင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။