လယ်ယာမြေ မတရားသိမ်းမှုတွေကို အစိုးရအနေနဲ့ ဖြေရှင်းပေးသင့်ပြီလို့ HRW အဖွဲ့ပြော
2018.07.17
မြန်မာနိုင်ငံ အနှံ့အပြားမှာ လယ်မြေ ယာမြေတွေကို မတရား သိမ်းယူမှုတွေ ဖြစ်ပွားခဲ့တာကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းပေးသင့်ပြီလို့ Human Rights Watch ခေါ် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။
ဇူလိုင်လ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလို အဓမ္မ လယ်ယာမြေသိမ်းမှုတွေ ရှေ့အနာဂတ်ကာလ မှာ မဖြစ်ပွားရအောင် အစိုးရအနေနဲ့ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ စည်းမျဉ်းဥပဒေတွေ ရေးဆွဲပြဌာန်းပေးသင့်တယ်လို့ ဖေါ်ပြထားပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကာလအတွင်း လယ်မြေယာမြေတွေ ဧကပေါင်း သန်းနဲ့ချီပြီး မတရား သိမ်းယူခံခဲ့ရလို့ ထိုက်သင့်တဲ့လျော်ကြေးငွေ မရကြတဲ့ တောင်သူလယ်သမားတွေဟာ လုပ်စားစရာမရှိ ဘဝပျက်ခဲ့ကြရတယ်၊ တချို့ဆိုရင် ကိုယ့်မြေဆိုပြီး မဖယ်ရှားပေးလို့၊ တချို့လည်း ဝင်ရောက် လုပ်ကိုင်မိတာနဲ့ ကျူးကျော်မှုဆိုပြီး တရားစွဲ အရေးယူခံကြရတယ်လို့လည်း ဖေါ်ပြထားပါတယ်။
HRW အဖွဲ့ဝင် တချို့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းတို့ကို သွားရောက် လေ့လာ ပြီး တောင်သူလယ်သမား ၃၃ ဦးကို တွေဆုံမေးမြန်းပြီးတဲ့နောက် စာမျက်နှာ ၃၃ မျက်နှာရှိတဲ့ အဲဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။