ပဲခူးလယ်မြေဧက ၅ဝဝဝ ကျော် စစ်တပ်အတွက် သိမ်းဆည်း


2013.07.13

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်က လယ်သမားအတော်များများပိုင်တဲ့ လယ်ယာမြေဧက ၅ဝဝဝ ကျော်မှာ ပဲခူးမြို့အခြေစိုက် အမှတ် ၁ ခဲယမ်းမီးကျောက်တပ် (CAD) နဲ့ ပဲခူးအခြေစိုက် လေတပ်က စစ်တပ်အတွက် အဆောက်အဦးတွေ ဆောက်လုပ်ဖို့ဆိုပြီး ဒီကနေ့ခြံစည်းရိုးတွေ လာခတ်သွားတယ်လို့ သိရပါတယ်။

အထက်က အမိန့်နဲ့ဆိုပြီး အခုလို ခြံစည်းရိုးတွေလာခတ်တာလို့ တောင်သူ ဦးစံရွှေက RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့ စက်ယန္တရားကြီးတွေနဲ့ ဘတ်ဟိုးကြီးတွေနဲ့ လာပြီးတော့ ကျနော်တို့ ရွာထဲကို ဂေါ်ပြားနဲ့ထိုးပြီးတော့ လမ်းကြောင်းတွေရှင်းနေတယ်ခင်ဗျ၊ အလံနီတွေလည်းစိုက်တယ်၊ အခုလိုစက်ယန္တရားတွေနဲ့လာတော့ ကျနော်တို့ တောသူတောင်သားကကြောက်တယ်၊ ဘာမှလဲသူတို့ကို ခံမပြောရဲဘူး၊ သူတို့လာတာ အုပ်ချုပ်ရေးမှူးတွေလည်းပါတယ်၊ ရဲတွေလည်းပါတယ်၊ မြေတိုင်းစာရေးတွေလည်းပါတယ်၊ နောက်ဗိုလ်မှူး ဝေဖြိုးအောင်ဆိုတဲ့လူလည်းပါတယ်၊ ကျနော်တို့မေးတဲ့အခါကျတော့ ဘာမှလည်းမေးလို့မရဘူး၊ ဘာမှလည်းမပြောဘူး"

လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကစပြီး ပဲခူးမြို့နယ်က သာယာကုန်းကျေးရွာ၊ ရွှေလေးကျေးရွာ၊ ဂုံညင်းတန်းကျေးရွာ အပါအဝင် ကျေးရွာအုပ်စု ၈ ခုက တောင်သူတွေ ပိုင်ဆိုင်တဲ့လယ်မြေတွေကို စစ်တပ်အတွက် လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာပါ။ ဒီနေ့မှာ လူအင်အား ၂ဝ ကျော်နဲ့ ခြံစည်းရိုးတွေခတ်ပြီး အလံနီတွေ စိုက်သွားတယ်လို့ တောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။