အသိမ်းခံမြေကိစ္စ ရုန်းရင်းဆန်ခတ်ဖြစ်


2019.04.16
kantbalu-grabbed-land-622.jpg စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာအနီးက သိမ်းယူခံလယ်မြေပေါ်မှာ တဲတိုးနေထိုင်နေကြတဲ့ ဒေသခံတွေနဲ့ စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူတွေ ပဋိပက္ခ ဖြစ်ပွားစဉ်
Photo: Han Win Aung

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာအနီးက သိမ်းယူခံလယ်မြေပေါ်မှာ တဲတိုးနေထိုင်နေကြတဲ့ ဒေသခံတွေနဲ့ စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူတွေကြား ဒီနေ့မနက်က ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

တောင်သူတွေက သိမ်းဆည်းခံမြေတွေမှာ ပဲ၊ ပြောင်း၊ နှမ်း ပြန်လည်စိုက်ပျိုးလိုတာကြောင့် ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး လယ်ကွက်တွေမှာ တဲထိုးနေထိုင်နေကြတာကို စိုက်ပျိုးရေးဌာနက ဝန်ထမ်းတွေက ဒီနေ့ လယ်ထွန်စက်တွေနဲ့ ဖျက်ဖို့ကြိုးစားရာမှာ တောင်သူတွေက တားဆီးတာကြောင့် ပဋိပက္ခတွေဖြစ်ခဲ့တာလို့ တောင်သူ ဒေါ်ခရေ က ပြောပါတယ်။

၁၉၈၀ ခုနှစ်က နိုင်ငံတော်ပိုင် ပြောင်းစိုက်ခင်းအတွက်ဆိုပြီး အဲဒီနေရာက မြေဧက ၅၀၀၀ ကျော်ကို စိုက်ပျိုးရေးဦးစီးဌာနက သိမ်းယူခဲ့ပြီး စီမံကိန်း မအောင်မြင်တာကြောင့် တပ်မတော်ရိက္ခာတပ်ကို မြေဧက ၃၀၀၀ ခန့် လွဲှပြောင်းပေးခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။

ကျန်မြေဧက ၂၀၀၀ ထဲက ၉၀၀ ကျော်ကို မူလတောင်သူတွေမဟုတ်ဘဲ သီးစားလုပ်ကိုင်ခွင့်ရခဲ့တဲ့ တောင်သူတွေကို ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ပြန်ပေးခဲ့တာတွေရှိတယ်လို့ မြေဧက ၄၀ ခန့် သိမ်းဆည်းခံခဲ့ရတဲ့ ဒေါ်ခရေ က ပြောပါတယ်။

လက်ရှိမှာ တောင်သူ ၁၂၀ လောက်က ကျန်မြေ ၁၁၂၉ ဧကမှာ ပြန်လည် လုပ်ကိုင်ခွင့်ရဖို့ လိုလားနေတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကလည်း တောင်သူတွေဟာ အဲဒီမြေတွေမှာ ဝင်ရောက်စိုက်ပျိုးခဲ့တာကြောင့် ကျူးကျော်မှု၊ အကျိုးပျက်စီးစေမှုပုဒ်မတွေနဲ့ တောင်သူ ၅ ဦး ထောင်ဒဏ် ၁ နှစ်ကျော် ကျခံခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။