စစ်ခေါင်းဆောင်ကို ဆဲဆိုမှုနဲ့ ကိုးတန်းကျောင်းသားတစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2024.11.29
စစ်ခေါင်းဆောင်ကို ဆဲဆိုမှုနဲ့ ကိုးတန်းကျောင်းသားတစ်ဦး ဖမ်းဆီးခံရ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက (၂) ကျောင်းအား တွေ့ရစဥ်။
Facebook/ အ.ထ.က (၂) ရွှေပြည်သာ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက (၂) ကျောင်းမှာတက်ရောက်နေတဲ့ အသက် ၁၃ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်ဖြိုးမြတ်အောင်ကို နိုဝင်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီးပုဒ်မ - ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ရွှေပြည်သာမြို့ခံတွေက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုံကို ဖိနပ်အောက်မှာကပ်ပြီး ဆဲဆိုထားတဲ့ရုပ်သံတစ်ခုကို TikTok လူမှုကွန်ရက်ပေါ်မှာ တင်လိုက်တာကြောင့် ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေပြည်သာ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကလေးကို ကျောင်းထဲအထိ ဝင်ဖမ်းသွားတာ။ မင်းအောင်လှိုင်ပုံကို ဖိနပ်မှာကပ်ထားတဲ့ ဗီဒီယိုတစ်ခုကို TikTok မှာ တင်လိုက်တာကနေ ဖမ်းခံလိုက်ရတာ။ ဗီဒီယိုမှာတော့ ဆဲဆိုပြီး တင်လိုက်တာပါပဲ။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပြောဆိုချက်မျိုးတော့ မပါဘူး။ ကလေးဆိုတော့လည်း လက်ရှိ နိုင်ငံရေးအကျိုးဆက်ကို မစဥ်းစားနိုင်တာလည်း ပါတာပေါ့လေ”

မောင်ဖြိုးမြတ်အောင်ကို ရွှေပြည်သာ မြို့မရဲစခန်းမှာ လတ်တလော ထိန်းသိမ်းထားတယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီရဲ့သြဇာခံ တယ်လီဂရမ်လူမှုကွန်ရက်တွေမှာ မောင်ဖြိုးမြတ်အောင်ကို ဖမ်းဆီးအရေးယူပေးဖို့ ကျောင်းလိပ်စာနဲ့တကွ ဖော်ပြပြီးနောက် နာရီပိုင်းအကြာမှာ ကျောင်းထဲအထိ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့လည်း ဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းမှာ လူပေါင်း သုံးသောင်းဝန်းကျင် (၂၇,၇၃၆) ဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ ကလေး ၅၇၈ ဦး ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။