တိုက်ပွဲကြောင့် ဂွ ဒေသခံတချို့ ဧရာ၀တီတိုင်းဘက် ထွက်ပြေးတိမ်းရှောင်

RFA Burmese
2024.08.12
တိုက်ပွဲကြောင့် ဂွ ဒေသခံတချို့ ဧရာ၀တီတိုင်းဘက် ထွက်ပြေးတိမ်းရှောင် ဂွ - ငသိုင်းချောင်းလမ်းပေါ်ရှိ ဂွမြို့အဝင် ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။
Myanmar Military

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဂွမြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ဧရာ၀တီတိုင်း ငသိုင်းချောင်းမြို့နယ်ထဲကို ဩဂုတ်လ ၁၁ ရက် မနေ့ကစလို့ နေရပ်စွန့်ခွာ ထွက်ပြေးလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးလာတဲ့အရေအတွက် အတိအကျ မသိရသေးပေမဲ့ ငသိုင်းချောင်းမြို့ပေါ်ရပ်ကွက်တွေမှာ အိမ်ငှားရမ်းသူတွေ ပြည့်နေပြီး ရေကြည်၊ ကျုံပျော်နဲ့ ဓနုဖြူမြို့ဘက်အထိပါ အိမ်ငှားရမ်းမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ဧည့်စာရင်းစစ်ဆေးမှုတွေကို တင်းကျပ်ထားပြီး နေအိမ်တွေထဲထိ ဝင်ရောက်စစ်ဆေးမှု တွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ငသိုင်းချောင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဂွမှာ တိုက်ပွဲက ဖြစ်နေပြီ၊ ကျွန်တော့်အမျိုးတွေလည်း လာဖို့ရှိတယ်။ မနေ့ကစပြီးတော့ ငသိုင်းချောင်းဘက် တော်တော်လာကြတယ်။ ဧည့်စာရင်းကလည်း စစ်ပါတယ်။ ရောက်လာလို့ရှိရင် ရပ်ကွက်ရုံးသွား၊ မှတ်ပုံတင်ပြ၊ ဟိုဘက်က ပေးလိုက်တဲ့ ထောက်ခံစာပြရတယ်။ တစ်ပတ်နေခွင့်ပေးတယ်။ နောက် တစ်လ တစ်ကြိမ်ပေါ့”

ငသိုင်းချောင်းနဲ့ ဂွ ကုန်စည်ကူးသန်းမှုမှာတော့ ဆိုင်ကယ်တွေနဲ့ တစ်နိုင်တစ်ပိုင် သယ်ယူပို့ဆောင်တာတွေ ဆက်ရှိနေတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နဲ့ ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့အထိ လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ် ခြောက်ခုထက်မနည်းရှိပြီး ငသိုင်းချောင်းမြို့အနီး စစ်ဆေးရေးဂိတ်ကလွဲလို့ ကျန်ဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ငသိုင်းချောင်းမြို့ခံတွေက ပြောပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့က ဂွမြို့နယ် ကျိန္တလီမြို့အနီးမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇွန်လအတွင်း ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ငါးသိန်းအထိ ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။