ဂွမြို့နယ်မှာ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်း တိုက်ခိုက်ခံရ

RFA Burmese
2024.09.17
ဂွမြို့နယ်မှာ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်း တိုက်ခိုက်ခံရ ဂွမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ဓာတ်ပုံ

ရခိုင်ပြည်နယ် ဂွမြို့နယ် ဆန္ဒားရွာ (ရတနာမြိုင်ရွာ) မှာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ မူလတန်းကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင်း ဒုက္ခသည်လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ဘေးဒုက္ခသည်တွေဖြစ်တဲ့ ဒေါ်ခင်ရီ၊ ဒေါ်အေးအေးခိုင်၊ ဦးဇော်ဝင်းနဲ့ ကိုဆန်းသိန်းအောင် ဒဏ်ရာရခဲ့တာဖြစ်ပြီး အဲဒီအထဲက အမျိုးသားနှစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒရုန်းက ဆန္ဒားစာသင်ကျောင်းကို ညနေ ၅ နာရီလောက်မှာ ဝဲတာ။ အဲဒီလို ဝဲနေတဲ့အချိန်မှာ တခြားစစ်ဘေးရှောင်တွေက ထွက်ပြေးတယ်။ ဒရုန်းက ညနေပိုင်း ဝဲလိုက် လာလိုက်နဲ့ ည ရှစ်နာရီလောက်မှာ အပစ်ခံရတာတဲ့။ လေးယောက် ဒဏ်ရာရတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတာရှိတယ်”

ဂွမြို့နယ် ကျိန္တလီမြို့တွင်း တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ သြဂုတ်လ ဒုတိယပတ်ကစလို့ စစ်ဘေးဒုက္ခသည်တချို့ဟာ ဆန္ဒားရွာ မူလတန်းကျောင်းမှာ လာရောက်တိမ်းရှောင် ခိုလှုံနေကြတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သြဂုတ် ၁၆ ရက်ကလည်း ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်က ခရစ်ယာန် ဘုရားကျောင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၁၁ ဦးသေပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ကျိန္တလီမြို့နဲ့ ငါးမိုင်ခန့်အကွာ ကျောက်ပါးစပ်ရွာနဲ့ ကန့်ကော်တောင် ရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။