ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမေရိကန်ပါဝင်ဖို့ ကေအိုင်အေ တိုက်တွန်း


2014.04.22
gwan-maw-305 KIA ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကိုတွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမေရိကန်နိုင်ငံအနေနဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ဆောင်ရွက်ပေးဖို့ KIA ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်လို နိုင်ငံကြီးတွေ ပါဝင်လာမယ်ဆိုရင် ပဋိပက္ခတွေ ဖြေရှင်းရေးမှာ နှစ်ဘက်စလုံးက ပိုပြီး ဖိဖိစီးစီးအားပြုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တရုတ်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့လည်း လေ့လာသူအဖြစ် ပါဝင်လာမယ်ဆိုရင် သဘောတူညီချက်မှန်သမျှ လိုက်နာအကောင်အထည်ဖော်ရေးကိစ္စကို အထောက်အကူပြုစေမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ဝါရှင်တန်ဒီစီမြို့တော်မှာ မနေ့က သတင်းထောက်တွေ နဲ့ တွေ့ဆုံပြီး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့ပြင် ကချင်ပြည်နယ်မှာ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေ တာဟာ  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အစိုးရအနေနဲ့ အသာစီးရအောင် စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးတဲ့အနေနဲ့ ကြိုတင်စီစဉ်တိုက်ခိုက်နေတာဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က RFA ကိုပြောပါတယ်။

"ဒီတိုက်ပွဲတွေဖြစ်တဲ့ အကြောင်းအရင်းကို ကျနော်တို့ စဉ်းစားတဲ့အခါမှာ အဓိကနှစ်ချက်ကိုသွားတွေ့ပါတယ်၊ ပထမအချက်က စစ်ရေးအရ ဖိအားပေးတာဖြစ်ပါတယ်၊ ဒုတိယအချက်က ဒီအပစ်အခတ်ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုပြီးတဲ့နောက်ပိုင်းမှာလည်း ကေအိုင်အိုကို ထိန်းချုပ်နိုင်ဖို့အတွက် ရည်ရွယ်တဲ့ တိုက်ပွဲတွေဖြစ်တယ်လို့ ဒီလိုပဲသုံးသပ်ပါတယ်၊ political dialogue တွေလုပ်နေတဲ့အခါမှာ ကေအိုင်အိုက အားပျော့ပြီးတော့ အလျော့ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါလိမ့်မယ်လို့ထင်ပါတယ်"

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေရှိပေမယ့် အစိုးရရဲ့ တိုင်းရင်းသားတွေအပေါ် အမြင်နဲ့ ဆက်ဆံမှုတွေမှာတော့ ပြောင်းလဲမှုမရှိသေးဘူးလို့လည်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို အခုလ ၁၃ ရက်နေ့က ရောက်ရှိလာတဲ့ KIA ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အဖွဲ့ဝင်လေးဦးဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေး နမ်ဘီးယား၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် Ms Samantha Power အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Ms Wendy Sherman လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr Rick Barton တို့အပြင် အမျိုးသားလုံခြုံရေးကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့  နိုင်ငံတကာ အကူအညီပေးရေးဌာနက အရာရှိတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ဝါရှင်တန်မြို့တော်ရှိ Johns Hopkins တက္ကသိုလ် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ ကချင်ပြည်က နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမေရိကန်အစိုးရပါဝင်ဖို့  အမေရိကန်မှာရောက်ရှိနေတဲ့ ကချင် KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ဖိတ်ခေါ်လိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အထူးအကြံပေး ဦးလှမောင်ရွှေကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။