အာဏာသိမ်းနှစ်နှစ်အတွင်း ဟားခါးမှာ ၁၄ ဦး သေဆုံး၊ ၃၇၀ ကျော်အဖမ်းခံရ
2023.02.02

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခြောက်ဦးရှိခဲ့သလို ဒေသခံ ၃၇၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဟားခါး CDF အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက် မနေ့က ထုတ်ပြန်ကြေညာပါတယ်။
မြို့တွင်းစစ်ဆင်ရေးများ တိုးမြှင့်ဖော်ဆောင်ဖို့ တိုက်တွန်းထားပြီး ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ ပူးပေါင်းသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဟားခါးမြို့နယ်မှာ လူအင်အား ငါးသောင်းကျော် ပါဝင်တဲ့ အထွေထွေသပိတ်တွေ လုပ်ဆောင်ခဲ့ပြီး ဝန်ထမ်းလေးထောင်ကျော် CDM လှုပ်ရှားမှုမှာပါဝင်လာသလို လူအင်အားသုံးထောင်ကျော် ပါဝင်တဲ့ လက်နက်ကိုင် လှုပ်ရှားမှုကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
နှစ်နှစ်တာကာလအတွင်း ဟားခါး CDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီးအဲဒီအထဲမှာ မြို့တွင်းတိုက်ပွဲ ၆၅ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၁၀ ဦးသေဆုံးခဲ့ပြီး ၂၂၂ ဦး ထိခိုက် ဒဏ်ရာရခဲ့သလို ဟားခါး CDF အဖွဲ့က ၁၉ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ပါ ကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီကတော့ နိုင်ငံတစ်ဝန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီ ၂၅ ရက်နေ့ အထိ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အစိုးရဝန်ထမ်း၊ အုပ်ချုပ်ရေးမှူး၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သားအပါအဝင် စုစုပေါင်း သေဆုံးသူ ၅၄၄၃ ဦးနဲ့ ဒဏ်ရာရ ၄၅၇၇ ဦး ရှိခဲ့ပြီး နိုင်ငံဟာ သာမန်အခြေအနေ မဟုတ်တာကြောင့် အရေးပေါ်ကာလကို နောက်ထပ် ခြောက်လသက်တမ်း တိုးထားကြောင်း ဖေဖော်ဝါရီလ ၁ ရက် မနေ့က ကြေညာထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ရီလ ၁ ရက် နေ့ ထုတ်ပြန်ချက်မှာတော့ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီလက်ချက် နဲ့ သေဆုံးသူ ၂၉၄၇ ဦးရှိပြီး ဖမ်းဆီးခံရသူ ၁၃,၇၈၇ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။