ဟားခါးနဲ့ကလေးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခုခံစစ်ကြောင့် စစ်တပ်ဘက်မှာ အကျအဆုံးရှိတယ်လို့ဆို

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021-05-04
Share

ချင်းပြည်နယ် ဟားခါးနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တွေမှာ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က အထိအခိုက်အကျအဆုံးရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့ မှာ မေလ ၃ ရက် မနေ့က စစ်ကောင်စီတပ်ကို ဟားခါးပြည်သူ့ ကာကွယ်ရေးအဖွဲ့ရဲ့ ခုခံစစ်မှာ စစ်တပ်ဘက်က လေးယောက်သေဆုံးပြီး ဒဏ်ရာရသူတချို့ရှိတယ်လို့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မနေ့ကညနေပိုင်း ၅ နာရီလောက်က ဟားခါးမြို့ မတူပီလမ်း၊ ကျောက်ဘုတ်ရပ်ကွက် အနီးအနားရှိတဲ့ လုံခြုံရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပထမအကြိမ် စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ညပိုင်း ၁၁ နာရီလောက်မှာတော့ ဟားခါးမြို့လမ်းဆုံနားမှာရှိတဲ့ လုံခြုံရေးဂိတ်မှာ ဒုတိယအကြိမ် ပစ်ခတ်မှုတွေရှိ ခဲ့ပါတယ်။

အဲဒီ ဒုတိယအကြိမ်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က စစ်သားလေးယောက်သေပြီး ဒဏ်ရာရရှိသူတချို့ ရှိခဲ့တဲ့အကြောင်းနဲ့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အထိခိုက်မရှိခဲ့ဘူးလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့မနေ့ညက ညနေပိုင်းမှာ တစ်ခေါက်ဖြစ်တယ်။ အဲမှာတော့ နှစ်ဖက်စလုံး အထိနာတာ တွေတော့ မရှိဘူး။ ပြီးတော့ ည ၁၁နာရီလောက်မှာ ကလေးမြို့သွားတဲ့လမ်းဘက်မှာ အဲမှာတိုက်ပွဲ ဖြစ်တယ်။ စစ်တပ်ဘက်က လေးဦးကိုတော့ ပစ်တဲ့ချိန်မှာ ထိသွားတယ်ပေါ့။ စစ်သားတချို့လည်း ဒဏ်ရာရသွားတယ်”

မနေ့ နေ့လယ်ပိုင်းက ဟားခါးမြို့မှာ လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF ကို ထောက်ခံကြောင်း စာတန်းတွေ၊ စတေကာတွေကို မြို့ထဲမှာ လိုက်ကပ်ခဲ့ကြပါတယ်။

အဲဒီစာရွက်တွေကို စစ်တပ်က လိုက်ခွာခဲ့သလို ခြိမ်းခြောက်ပစ်ခတ်တာတွေရှိခဲ့ပြီးနောက်၊ ညနေပိုင်းမှာ တိုက်ခိုက်မှုတွေရှိလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။

“မြို့ထဲမှာ We support CDF ဆိုပြီးတော့ စတေကာတွေလိုက်ကပ်တာပေါ့။ လမ်းမကြီး ဗိုလ်ချုပ်လမ်းမ ပေါ်မှာလေ။ အဲတာလိုက်ကပ်ပြီးတော့ မကြာဘူး။ စစ်ကားရောက်လာပြီးတာ့ ကား ၁၄ စီးရောက်လာတာ့ စတေကာကပ်တဲ့ဟာတွေ အကုန်စစ်သားတွေကခွာတယ်။ အဲတာနဲ့ ညနေရောက်တော့ တစ်ခါ ကျောက် ဘုတ် ဘက်မှာ ပစ်တယ်။ ပစ်တယ်ဆိုတာက သူတို့ပစ်တာမဟုတ်ဘဲနဲ့ သေနတ်ဖောက်တာ ခြိမ်းခြောက် တဲ့သဘောပေါ့နော်။ ည ၁၁ နာရီကျော်ကျော်မှာ ဗုံးပေါက်တယ် ပြီးမှ သေနတ်တွေပစ်ကြတာ။ သေချာ တာတစ်ခုကတော့ သေတဲ့သူတွေတချို့ရှိမှာ။ ဖလမ်းဘက်ကလာရင် အရင်ရောက်တဲ့လမ်းဆုံလေ။ အဲမှာ ပစ်တော့ တစ်နာရီကျော်ပစ်တယ်။ မနေ့ကလူတွေကို စစ်တယ်၊ တားတယ်။ အဲလိုမျိုးလုပ်နေတော့ အဲဒါကြောင့်ပစ်တာ။”

ဟားခါးမြို့အဝင်ဂိတ်တွေမှာ အခုတလော ခရီးသွားတွေကို စစ်တပ်ဘက်က စစ်ဆေးမေးမြန်းမှုတွေ တင်းတင်း ကျပ်ကျပ်လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် စစ်တပ်ကို တိုက်ခိုက်လိုက်တာလို့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF က ထုတ်ပြန်ထား ပါတယ်။

ပြီးခဲ့တဲ့ မေလ၂ ရက်နေ့ကလည်း ဟားခါးမြို့ ပြည်သူ့ကာကွယ်ရးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုရှိခဲ့ပြီး စစ်တပ်ဘက်က သေဆုံးသူ လေးဦးရှိတယ်လို့ CDF ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း မေလ ၃ ရက်နေ့ မနေ့ညနေ ၅ နာရီလောက် ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကလေးမြို့ခုခံကာကွယ်ရေးအဖွဲ့ KRDA ရဲ့ ခုခံစစ်ဖြစ်ခဲ့တယ်လို့ KRDA အဖွဲ့က ပြောပါတယ်။

ကလေးမြို့ပေါ်က ပင်လုံ၊ ညောင်ပင်သာရပ်ကွက်တွေနဲ့ မြို့လယ်လမ်းဆုံနေရာတွေမှာလည်း သေနတ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြရင်း စစ်တပ်ဘက်က သုံးဦးထိမှန်ခဲ့တယ်လို့လည်းဆိုပါတယ်။

ကလေးမြို့အနီးက စည်တော်မြောင်း ချောင်းတံတားအနားမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အမည် မဖော်လိုတဲ့ KRDA အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကလေးမြို့ပေါ်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ဒေသခံတွေက ဆန့်ကျင်ဆန္ဒပြခဲ့ကြရာမှာ စစ်ကောင်စီဘက်က အကြမ်းဖက်ပစ်ခတ်လို့ သေဆုံးသူ ၃၀ ကျော်ရှိခဲ့ပြီး အဖမ်းခံထားရသူဟာလည်း ၃၀ ကျော်ရှိတယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။

ချင်းပြည်နယ် ဟားခါး၊ စစ်ကိုင်းတိုင်း ကလေးမြို့တွေက ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့ညနေ ၃ နာရီခွဲလောက်အထိ တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဟားခါးနဲ့ ကလေးမြို့က အရပ်သားတွေရဲ့ခုခံစစ်မှာ၊ စစ်တပ်ဘက်က အထိအခိုက်ရှိတယ်ဆိုတဲ့ ပြောဆို ချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် ဟားခါး၊ မင်းတပ် စတဲ့မြို့နယ်တွေက ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဖြိုခွင်းခံရတာ၊ ဖမ်းဆီးခံရတာတွေကြောင့် ရိုးရာလက်လုပ် သေနတ်တွေနဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေကို ခုခံတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့