HIV/AIDS ဂေဟာကိစ္စ ကျန်းမာရေးဌာန လာရောက်ဆွေးနွေး
2010.11.20
ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာဦးလှမြင့် ခေါင်းဆောင်တဲ့အဖွဲ့က လူနာ စောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာနဲ့ အဖွဲ့ကို ခေါ်ယူပြီး တောင်ဒဂုံမြို့နယ် ဆေးရုံတခုမှာ ဆွေးနွေးခဲ့ကြတာပါ။ ဒီ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဝေဒနာသည် ကူညီစောင့်ရှောက်ရေး တာဝန်ခံ NLD ဗဟိုကော်မတီဝင် မဖြူဖြူသင်းက RFA ကို အခုလိုပြောပါတယ်။
“ဒီနေ့မနက်က တိုင်းကျန်းမာရေးအဖွဲ့က လာကြည့်သွားတာ ရှိတယ်။ ဆရာဝန်ကြီးတွေ လာပြီးတော့ လူနာတွေ တည်းဖို့ ခိုဖို့ အခြေအနေ၊ လူနာတွေ အရမ်းများနေတယ် ဆိုရင် သူတို့ဆီကိုလည်း ပို့လို့ရတယ် ဆိုတဲ့အကြောင်း။ ဘာမှ ပြဿနာ မရှိပါဘူး။ သူတို့ဘက်က အေးအေးချမ်းချမ်းပါပဲ။ နောက်တခုက သူတို့ သာကေတမှာ ထားတဲ့ လူနာတည်းခိုဆောင်ကိုလည်း လာကြည့်ပါ ပေါ့။ သူတို့ အယောက် ၅၀ လောက် လက်ခံထားလို့ ရတယ်ပေါ့။ ဒါပေမယ့် ကျမတို့ဆီမှာ ပြဿနာတခုက မဝတ ဥက္ကဋ္ဌ ဦးကိုကိုလှိုင် ဆိုတဲ့ တယောက်က ၂၅ ရက်နေ့မှာ လူနာတွေ အားလုံး ဒီအိမ်က ထွက်ပေးရမယ်ဆိုတဲ့ ပုံစံမျိုး ပြောထားတာ ရှိတဲ့အခါကျတော့ ဒီညဆိုရင် ဧည့်စာရင်းက ပြည့်သွားပြီ။ ဒီည ပုံမှန် လုပ်နေကျအတိုင်း ဧည့်စာရင်းကတော့ သွားတိုင်မယ်၊ အဲဒီကျရင်တော့ အခြေအနေ ဘယ်လိုဖြစ်မလဲ ဆိုတာ မသိဘူး။ ဒါ အာဏာပိုင် အခြေအနေပေါ့။ ဟိုဘက်က ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့တော့ ဆရာဝန်ကြီးတွေ ဘာတွေ အားလုံး အဆင်ပြေပါတယ်”
ကျန်းမာရေးဌာန တာဝန်ခံတွေက အခုလို ပြေလည်ရာ ပြေလည်ကြောင်း လာရောက် ဆွေးနွေးကြပေမယ့် လူနာတွေ ၂၅ ရက်နေ့ နောက်ဆုံး ပြန်ရမယ်ဆိုပြီး အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က နှင်ထုတ်ထားတဲ့ ကိစ္စကိုတော့ ဘာမှ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ကျန်းမာရေးဌာန တာဝန်ခံတွေက အခုလို ပြောဆို ဆွေးနွေးတဲ့အပေါ်မှာ ကျေနပ်မှု ရှိတယ်လို့ မဖြူဖြူသင်းက ပြောပါတယ်။
“အခုလိုမျိုး ဆွေးနွေးလိုက်ရင် ပြဿနာ တော်တော်များများ ပြေလည်သွားမယ်လို့လည်း မျှော်လင့်တယ်။ အဲလိုမျိုး မဆွေးနွေးဘဲနဲ့ သူတို့ ပြောချင်တာ ပြောမယ်၊ သူတို့ လုပ်ချင်တာလုပ်မယ်၊ အမိန့်တွေ ပေးနေမယ် ဆိုရင်တော့ ကျမတို့ အနေနဲ့ လက်ခံမှာ မဟုတ်ဘူး။ အခုလို ဆွေးနွေးတာမျိုးကို ကျမတို့ အနေနဲ့ ကြိုဆိုတယ်”
လောလောဆယ် မဖြူဖြူသင်း၊ ကိုရာဇာတို့ ကူညီ စောင့်ရှောက်ထားတဲ့ လူနာ အယောက် (၈၀) ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။