ကျန်းမာရေးဆေးပေးခန်းတွေ နှောင့်ယှက်ဖျက်ဆီးခံရ

RFA Burmese
2023.08.15
ကျန်းမာရေးဆေးပေးခန်းတွေ နှောင့်ယှက်ဖျက်ဆီးခံရ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ရှိ ဆောင်းဖွေးဆေးပေးခန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အထိ နှစ်ပတ်အတွင်း မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် ခြောက်ခုက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို စစ်ကောင်စီတပ်သားတွေ နှောင့်ယှက်ဖျက်ဆီးတာ၊ ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီးတရားစွဲဆိုတဲ့ ဖြစ်ရပ် ခြောက်ခု ရှိခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချက်အလက်တွေကို စုစည်းတင်ပြပေးတဲ့ ReliefWeb သတင်းမှာ ဖော်ပြထားပါတယ်။

၂ဝ၂၂ ခုနှစ် ဧပြီလမှာ ချိပ်ပိတ်ထားခဲ့တဲ့ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ဆေးခန်းတစ်ခုထဲက ဆေးပစ္စည်းတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၄ ရက်နေ့ကတော့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အရပ်သား လေးဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သြဂုတ်လ ၂ ရက်နေ့မှာလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပုဂ္ဂလိကဆေးခန်းတစ်ခုက ဆရာဝန်ကို အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွေကို ထောက်ခံတာ၊ CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ဆရာဝန်တွေကို ဆေးခန်းမှာ ခန့်ထားတာ၊ ၂၀၂၁ ခုနှစ် လူထုဆန္ဒပြမှုတွေအတွင်း ပါဝင်ခဲ့သူတွေကို ဆေးကုသပေးတာ စတဲ့အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ တရားစွဲခဲ့ပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကြက်ဆူကျင်းတိုက်နယ်ဆေးရုံက ဆရာဝန်ကို စစ်ကောင်စီက ဖိအားပေးတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကစပြီး ဆရာဝန်က ဆေးရုံကိုမလာတော့တဲ့အတွက် ဒေသခံတွေ အခက်အခဲ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မွန်ပြည်နယ် သထုံမြို့နယ် ဝီယော်ရွာက ကျေးလက်ဆေးခန်းအပါအဝင်၊ ဘုန်းကြီးကျောင်းနှစ်ကျောင်းနဲ့ အိမ် ၁၃ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင် ၂၅ ရက်နေ့မှာလည်း ကရင်ပြည်နယ်၊ မြဝတီမြို့က ဆရာဝန်တစ်ဦးရဲ့အိမ်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။ အဲဒီဆရာဝန်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရပြီး ရှောင်ပုန်းနေရတယ်လို့ ReliefWeb သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။