မိုးကြီးမြေပြိုမှုကြောင့် မြဝတီ-ဘားအံ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်

RFA Burmese
2024.07.26
မိုးကြီးမြေပြိုမှုကြောင့် မြဝတီ-ဘားအံ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြ၀တီ-ဘားအံလမ်းပေါ်က နောင်ခွီးတံတားအနီး မြေသားပြိုကျနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြ၀တီ-ဘားအံလမ်းပေါ်က နောင်ခွီးတံတား မြေသားလမ်းပိုင်းဟာ ဇူလိုင် ၂၅ ရက်နေ့က မိုးကြီးပြီး မြေပြိုခဲ့တာကြောင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားလာသူတွေက ပြောပါတယ်။

အဲဒီတံတားဟာ ဘားအံ-ထီလုံ-သရက်တော-နဘူး-ထို့ကော်ကိုး-မြ၀တီ သွားတဲ့ လမ်းပိုင်းမှာ ရှိတာပါ။

နောင်ခွီးတံတားကို ဖြတ်သန်းလို့မရတော့တာကြောင့် လက်ရှိမှာ မြဝတီ-ဘားအံ ကို ကုန်စည်ကူးသန်းမှုတွေလည်း ရပ်နေတယ်လို့ မြဝတီမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဒီရက်ပိုင်းကတော့ ဘားအံနဲ့ မြ၀တီ ဆက်သွယ်မှုလမ်းကြောင်းက ပြတ်တောက်သွားတာပေါ့။ ဘယ်လမ်းမှ တက်မရတော့ဘူး။ အာရှလမ်းတစ်ခုပဲ သုံးလို့ရတော့မယ်။ အာရှလမ်းကလည်း ပိတ်ထားတော့ ဘယ်လိုမှ သုံးမရတော့ဘူး"

ဒါ့ကြောင့် ဘားအံဘက်ကိုသွားမဲ့ ကုန်ကားတွေ မြဝတီဘက်ကို ပြန်လှည့်နေရတယ်လို့ မြဝတီမြို့အခြေစိုက် ကုန်သည်တွေက ပြောပါတယ်။

ဘားအံနဲ့ မြဝတီကို သွားလာနိုင်တဲ့ နောက်ထပ်လမ်းပိုင်းတစ်ခုဖြစ်တဲ့ ဘားအံ-ကျုံဒိုး-နဘူး-ထို့ကော်ကိုးလမ်းပိုင်းဟာလည်း မိုးကြီးရေလျှံမှုတွေကြောင့် သွားလာလို့ မရတော့ပါဘူး။

ဇူလိုင်လ ၂၆ ရက် မနက်ပိုင်းမှာလည်း မိုးအဆက်မပြတ်ရွာပြီး သောင်ရင်းမြစ်ရေ တက်လာတာကြောင့် မြဝတီမြို့ပေါ်က ရပ်ကွက်တချို့ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဘားအံမြို့ရဲ့ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် တစ်ပေကျော်ရောက်ရှိနေပြီး လာမဲ့ တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။