အကူအညီပေးရေး ဝင်ရောက်ခွင့်အတွက် ကန့်သတ်ချက်တွေပိုတိုးလာကြောင်း UNOCHA ပြော

RFA Burmese
2023.09.20
အကူအညီပေးရေး ဝင်ရောက်ခွင့်အတွက် ကန့်သတ်ချက်တွေပိုတိုးလာကြောင်း UNOCHA ပြော ကနီမြို့နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်က တွေ့ရစဉ်။
ပြည့်အောင်နိုင်(ကနီ)

ကချင်ပြည်နယ်နဲ့ နိုင်ငံရဲ့ အရှေ့တောင်ပိုင်း (ကရင်၊ ကယား၊ ပဲခူးတိုင်းအရှေ့ခြမ်း) မှာ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်အတွက် ကန့်သတ်ချက်တွေ ပိုတိုးလာတာကြောင့် အကူအညီ လိုအပ်သူတွေဆီကို အရေးပါတဲ့ အကူအညီတွေ ပေးအပ်နိုင်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်းမှာလည်း လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် နိုင်ငံ အနောက်မြောက်ပိုင်း (စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်)နဲ့ အရှေ့တောင်ပိုင်း (ကရင်၊ ကယား၊ ပဲခူးတိုင်းအရှေ့ခြမ်း) တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ရှိနေသလို အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးရေးကို ကန့်သတ်ထိန်းချုပ်မှုတွေ သိသိသာသာမြင့်လာပြီး အဲဒီကန့်သတ်ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးဖို့နဲ့ ဘဏ္ဍာရေးအရ ထောက်ပံ့ကူညီမှုတွေ မဖြစ်မနေလိုအပ်တယ်လို့လည်း UNOCHA ရဲ့ စက်တင်ဘာလ ၈ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ INGO နဲ့ NGO အဖွဲ့အစည်းတွေကို အရင်ထက်ပိုပြီး ထိန်းချုပ်ကြပ်မတ်ဖို့ လုပ်ဆောင်လာတာတွေလည်း ရှိတယ်လို့ အကူအညီပေးရေး ဆောင်ရွက်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာနေပြီး အာဏာမသိမ်းခင်က ရှိနေတဲ့ အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်အထိ ရှိလာနေတယ်လို့လည်း UNOCHA ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။