စက်သုံးဆီဈေးမြင့်တက်မှု လွှတ်တော် ကိုယ်စားလှယ်တွေပါ အကျိုးသက်ရောက်
2018.11.10
စက်သုံးဆီဈေးနှုန်းမြင့်တက်မှုဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အသုံးစရိတ်တွေပေါ်မှာပါ အကျိုး သက်ရောက်မှုတွေရှိလာကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုတာတွေ ရှိလာပါတယ်။
စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုတဲ့နေရာကနေ လွှတ်တော်ကို ပို့ဆောင်ပေးတဲ့ ကားခတွေကို တိုးမြှင့်ကောက်ခံသွားမယ့်အကြောင်းကြားစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းက လူမှုကွန်ရက် Facebook မှာ တင်ထားပြီး ဒီကိစ္စဟာ အတည်မဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောဆိုကြပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစုဟာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ နေထိုင်ကြပြီး လွှတ်တော် တက်ရမယ့်ရက်တွေမှာ မီနီဘတ်တွေနဲ့ ကြို/ပို့ပေးတဲ့ကားတွေကို ဆီဖိုးအဖြစ် လက်ရှိမှာ တစ်ရက် ၅၀၀ နှုန်းနဲ့ ပြည်သူ့လွှတ်တော်ရုံး သယ်ယူပို့ဆောင်ရေးကော်မတီကို ပေးနေရတာဖြစ်ပါတယ်။
အဲဒီပိုက်ဆံကို လွှတ်တော်ကိုယ်စားလှယ်တွေရတဲ့ နေ့တွက်စရိတ်ကနေ တစ်ပတ်တစ်ခါ ဖြတ်တောက်နေတာ လည်းဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြန်စမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးကနေ စပြီး သယ်ယူပို့ဆောင်စရိတ် တစ်ရက် ၅၀၀ ကနေ ၇၀၀ ကို ပြောင်းလဲကောက်ခံသွားမယ့်အကြောင်း ပန်ကြားလွှာမှာ ရေးသားထားပါတယ်။
စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ ၈ ကြိမ်မြောက် နဲ့ ၉ ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးကာလတွေမှာ စုစုပေါင်း ငွေကျပ် ၁၀ သိန်းကျော်ကို ယာယီ စိုက်ထုတ်ပေးထားရ ကြောင်းလည်း အဲဒီပန်ကြားလွှာမှာ ပါရှိပါတယ်။
စက်သုံးဆီတွေဖြစ်တဲ့ အောက်တိန်း 92 တစ်လီတာကို အရင်က ငွေကျပ် ၇၀၀ ကျော်ရှိရာကနေ ဒီနေ့မှာ ၉၆၀ ကျော်အထိ မြင့်တက်နေပြီး အရင် ဒီဇယ် တစ်လီတာကို ငွေကျပ် ၉၀၀ ဝန်းကျင်ကနေ ဒီနေ့မှာ ငွေကျပ် ၁၀၇၀ ဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။