ဆေးဝါးအကူအညီ တောင်းသူ HIV ဝေဒနာရှင် ပိုများလာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်း တောင်ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ HIV-AIDS ဂေဟာကို လာရောက် အကူအညီ တောင်းခံတဲ့ HIV/AIDS ရောဂါဝေဒနာရှင်တွေ ပိုများလာနေကြောင်း သိရပါတယ်။

2011.07.03

ဒီတလ အတွင်းမှာပဲ အနယ်နယ် အရပ်ရပ်က ဆေးကုသမှု ခံယူဖို့ အကူအညီ လိုအပ်သူတွေ ထပ်ပြီး ရောက်လာကြောင်း၊ စုစုပေါင်း လူနာ ၂ ရာနီးပါး ရှိသွားပြီဖြစ်ကြောင်း မဖြူဖြူသင်းက ပြောပါတယ်။

“၁၂ဝ၊ ၁၄ဝ ပတ်ဝန်းကျင် လောက်ကနေ အခု ၂ ရာ ပတ်ဝန်းကျင် ဖြစ်လာတာ။ အဓိကတော့ သူတို့က ဘာလုပ်ရမှန်း မသိဘူး၊ ဘယ်သွားရမှန်း မသိဘူး။ တခြား ကျန်းမာရေးကိစ္စတွေ အဓိက တီဘီတို့ ဘာတို့ ဒီရောက်တော့မှ အကုန်လုပ်ရတာ”

အခု လာရောက်ကြသူတွေထဲမှာ ကလေးတွေ အများဆုံးဖြစ်ပြီး ၁ နှစ်ခွဲအောက် ကလေးငယ်တွေလည်း ပါဝင်တယ်လို့ မဖြူဖြူသင်းက ပြောပါတယ်။

HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်တဲ့ လုပ်ငန်းကို NLD လူမှု အထောက်အကူပြုအဖွဲ့က ရန်ကုန်တိုင်းအတွင်း ဂေဟာ ၃ ခုကို ၂ဝဝ၂ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲ့ပြီး ကျောက်ပန်းတောင်း၊ အောင်လံ၊ တောင်တွင်းကြီး စတဲ့ မြို့နယ်တွေက ဝေဒနာရှင် အများဆုံး လာရောက်ကြတာ ဖြစ်ပါတယ်။

လူနာတွေထားတဲ့ဂေဟာ ဟာ ပတ်ဝန်းကျင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် ဖယ်ရှားပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမိန့်ပေးထားပေမယ့် ခုချိန်အထိတော့ နောက်ထပ် ဖိအားပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။