ဒေါက်တာ ခလမ်ဆမ်ဆွန် မြစ်ကြီးနားအကျဉ်းထောင် အပို့ခံရ
2022.12.30
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၂၉ ရက် မနေ့က မြစ်ကြီးနားအကျဉ်းထောင်ကို ပို့ဆောင် လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို လိုင်ဇာမြို့မှာ ပြုလုပ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ အစည်းဝေးတစ်ခုကို တက်ရောက်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီက မတရား အသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ - ၁၇(၁)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က မြစ်ကြီးနားမြို့မရဲစခန်းမှာ အမှုဖွင့်ပြီးနောက် မနေ့က အကျဉ်းထောင်ကို လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ပို့ဆောင်လိုက်တာလို့ အမည် မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ဆရာ့ကို မနေ့ကပဲ ပို့လိုက်တာ။ ၂၈ ရက်နေ့က မြို့မရဲစခန်းမှာ ပုဒ်မတပ် အမှုဖွင့်တယ်။ အွန်လိုင်းကနေ ရမန်ယူတယ်။ အခုတော့ မြစ်ကြီးနားထောင် ရောက်နေပါပြီ။ မိသားစုတွေလည်း သူ့ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါးပို့ခွင့်ရဖို့ မျှော်လင့် နေကြတယ်"
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားထောင် ပို့ဆောင်လိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က မိသားစုဝင်တွေကို အကြောင်းကြားတာ မရှိဘူးလို့ ဆိုပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ သွေးတိုးရောဂါနဲ့ မွေးရာပါ အဆုတ်အားနည်းတဲ့ ရောဂါအခံရှိတာကြောင့် ဆေးဝါးကို နေ့ညမပြတ် သောက်သုံးနေရသူ ဖြစ်လို့ သူ့ရဲ့ကျန်းမာရေးအတွက် မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ ပြောပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၄ ရက်နေ့က ထိုင်းနိုင်ငံကို ဆေးကုသဖို့ သွားတဲ့အချိန် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရပြီး ၂၄ ရက်အထိ အဆက်အသွယ် ပြတ်တောက် နေတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ တွေ့ခွင့်ရဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က တောင်းဆိုထားပေမယ့် တစ်စုံတစ်ရာ ထူးခြားတာ မရှိသေးဘူးလို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေး ကြိုးပမ်းနေသူတစ်ဦးဖြစ်ပါတယ်။