လှိုင်သာယာ အနောက်ပိုင်းမြို့နယ် စစ်ကောင်စီအဖွဲ့ဝင်နဲ့ ကိုယ်ရေးအရာရှိ ပစ်ခတ်ခံရ
2024.10.13
ရန်ကုန်တိုင်း၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ် ၁၁ ရပ်ကွက်၊ အောင်မင်္ဂလာ ကျောင်းဝင်းအနီးမှာ မြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ဦးကျော်သူဝင်း ခေါ် ဦးရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ဟာ အောက်တိုဘာ ၁၃ ရက် ဒီနေ့မနက် ကိုးနာရီခန့်မှာ အနီးကပ်ပစ်ခတ်ခံရတယ်လို့ လှိုင်သာယာ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဦးကျော်သူဝင်းဟာ လှိုင်သာယာမြို့နယ်က လူငယ် ရှစ်ရာကျော်ကို စစ်တပ်ထံ အမည်စာရင်းပေးပို့ပြီး အဓမ္မ စစ်မှုထမ်းခိုင်းတာ၊ ကျူးကျော်နေအိမ်တွေကို အင်အားသုံး ဖယ်ရှားတာနဲ့ စက်ရုံအလုပ်သမားတွေကို စစ်မှုထမ်းဖို့အတွက် အဓမ္မ စေလွှတ်ခဲ့တာကြောင့် အခုလို ပစ်ခတ်ရတာလို့ ရန်ကုန်မြို့ပြ ပြောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ Golden Valley Warriors အဖွဲ့က ထုတ်ပြန်ပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် လှိုင်သာယာ မြို့နယ်အတွင်းက လမ်းဆုံ၊ လမ်းခွတွေနဲ့ အဝင်အထွက်လမ်းတွေ၊ တံတားတွေမှာ အောက်တိုဘာ ၁၃ ရက် ဒီနေ့ ညနေပိုင်းအထိ စစ်ကောင်စီတပ်သားတွေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လှိုင်သာယာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘီအိုစီ အဝိုင်းကျော်ကျော်နားလေးမှာ တစ်ချက်စစ်တယ်။ နဝဒေးဥယျာဥ် အိမ်ရာနားမှာ တစ်ချက် စစ်တယ်။ တောက်လျှောက် အစစ်အဆေးတွေ များတယ်။ မှန်တွေပါ ချခိုင်းတယ်။ သူတို့ လိုချင်တဲ့အချက်လက်ကို ရှာတာပေါ့။ တံခါးဖွင့် ဆင်းဦး၊ ဘာညာပေါ့။ ကားတွေကတော့ တန်းစီနေတာပဲ။ အသွားရော အပြန်ရော အစစ်ခံနေရတာ”
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က အောက်တိုဘာ ၁၃ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီတပ် ထောက်ခံရေသားတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဦးကျော်သူဝင်း (ခေါ်) ဦးရွှေမန်းရဲ့ ယာဥ်မောင်းဖြစ်သူ ဦးသန့်ဇင်ထက်ရဲ့ ဝဲဘက် ရင်အုံတစ်ချက်နဲ့ ဝဲဘက် လက်မောင်းတစ်ချက် သေနတ်ဒဏ်ရာရခဲ့ပြီး ဦးရွှေမန်းကိုတော့ ထိခိုက်မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်တွေမှာလည်း မြောက်ဥက္ကလာပမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရန်ကုန်တိုင်းထဲကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်မလာစေဖို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက မပြတ်စောင့်ကြည့်ရမယ်လို့ အောက်တိုဘာ ၈ ရက်နေ့မှာ ပြောထားပါတယ်။