အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄ဝဝ ကျော် ဆန္ဒပြ


2017.06.24
garment-workers-620.jpg ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်က Honeys Garment 1 ဂျပန် အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဇွန်လ ၂၄ ရက်နေ့က မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြစဉ်
Photo: Kaung Htet Kyaw/RFA

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်က Honeys Garment 1 ဂျပန် အထည်ချုပ်စက်ရုံမှာ အလုပ်ထုတ်ခံ ထားရတဲ့ အလုပ်သမား ၄ဝဝ ကျော်က အလုပ်ပြန်လည်ခန့်အပ်ရေးနဲ့ လုပ်သားအခွင့်အရေးတွေ ရရှိဖို့ဆိုပြီး ဒီကနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်ထုတ်ခံထားရသူ ကိုနေမျိုးထက်က သူတို့ရဲ့တောင်းဆိုချက်တွေကို အခုလိုပြော ပါတယ်။

"ဆဲမိတာ၊ ဆိုမိတာကို ကျနော်တို့လက်ခံနိုင်တယ်၊ တမင်တကာဆဲပြီးအလုပ်ခိုင်းတာကို လက်မခံနိုင်ဘူး၊ လစာများကိုတိုးပေးရန်၊ တန်ရာတန်ကြေးပေးရန်၊ အထည်ချုပ်လို့ ၅၀ ထွက်ရင် ၅၀ ရဲ့တန်ဖိုးကိုပေးရန်၊ ကျနော်တို့ချုပ်ပေးသလောက် ပြန်မရဘူး၊ ဒါကြောင့်ကျနော်တို့ ဒီအချက်ကိုတောင်းတာပါ"

စက်ရုံမှာ တစ်နာရီကို အထည် ၇၅ ထည်ချုပ်ဖို့ သတ်မှတ်ထားပြီး အဲဒီအထည်အရေအတွက်အပေါ် အလုပ်သမားတွေက ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုရာ အလုပ်ရှင်ဖက်က လက်မခံရာကနေစပြီး အလုပ်ရှင် အလုပ်သမားကြား မပြေလည်မှုတွေ စတင်လာတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလကလည်း စက်ရုံအတွင်းမှာ ဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းဖို့ ပြုလုပ်ရာမှာ မပြေလည်တာကြောင့် ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကြတာဖြစ်ပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းဖို့ ကြိုးစားသူတွေ ကိုလည်း အလုပ်ရှင်ဖက်က လက်ခံ တွေ့ဆုံတာ မရှိဘူးလို့ သိရပါတယ်။

ဒီကနေ့ ဆန္ဒပြတဲ့ အလုပ်သမား ၄ဝဝ ကျော်ဟာ ပြီးခဲ့တဲ့ လပိုင်းက အလုပ်ရှင်က ၁၆ ရက်စာ လုပ်အားခပေးပြီး ထုတ်ပယ်ရာ သူတို့ဟာ အလုပ်ရှင်ဖက်ကပေးတဲ့ လုပ်အားခမယူထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Honeys Garment  1 စက်ရုံဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင် တာဖြစ်ပြီး ဘောင်းဘီ၊ အင်္ကျီ၊ ဂျာကင်တွေထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။