ဟောင်ကောင်အေဂျင်စီတွေ က မြန်မာအိမ်ဖော်တွေ ကို ခေါ်ယူဖို့ကြိုးစား
2013.12.13
ဟောင်ကောင်မှာရှိတဲ့ အလုပ်သမားအေဂျင်စီတွေက မြန်မာနိုင်ငံက အိမ်ဖော်တွေကို တရားဝင် ခေါ်ယူခွင့် လိုင်စင်ရဖို့ ကြိုးစားနေတဲ့အတွက် မြန်မာနိုင်ငံဟာ ဟောင်ကောင် အိမ်ဖော်လိုအပ်အတွက် နောက်ထပ်ဈေးကွက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဒီကနေ့ ဟောင်ကောင်ထုတ် South China Morning Post သတင်းစာက ရေးသားလိုက်ပါတယ်။
ဟောင်ကောင်အခြေစိုက် အလုပ်သမားအေဂျင်စီတစ်ခုရဲ့ အဆိုအရ ဟောင်ကောင် မြန်မာသံရုံးအရာရှိ တစ်ဦးက ဟောင်ကောင်အေဂျင်စီတွေအနေနဲ့ အိမ်ဖော်ခေါ်ယူခွင့်လိုင်စင်ကို မြန်မာသံရုံးမှာ လျှောက်ယူနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဟောင်ကောင်အလုပ်သမား အေဂျင်စီတွေအနေနဲ့ မြန်မာနိုင်ငံက တရားဝင်အိမ်ဖော်ခေါ်ယူနိုင်ရေး နှစ်ပေါင်းများစွာကြိုးစားခဲ့ပေမယ့် အခုလို အခွင့်အလမ်းတခါမှမကြုံခဲ့ဖူးကြောင်း၊ နောက်လထဲမှာ မြန်မာနိုင်ငံသွားရောက်ပြီး အစိုးရအာဏာပိုင်တွေနဲ့ ညှိနှိုင်းဖို့ရှိကြောင်း အလုပ်သမားခေါ်ယူရေး အေဂျင်စီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ Teresa Tsui-lan က ပြောပါတယ်။
ပြီးခဲ့တဲ့မေလက ဟောင်ကောင်နိုင်ငံဟာ အင်ဒိုနီးရှားက အိမ်ဖော်အလုပ်သမ ၁၁ ဦးကို ပထမဆုံးတရားဝင် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ဟောင်ကောင်မှာ အိမ်ဖော်အများစုဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံကဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားအိမ်ဖော်လုပ်ကိုင်မှုကို ၂၀၁၇ အထိ ပိတ်ထားတဲ့အတွက် တခြားနိုင်ငံတွေကနေ ခေါ်ယူနိုင်ဖို့ အေဂျင်စီတွေက ကြိုးစားနေတာဖြစ်ပါတယ်။