ဟောင်ကောင်တက္ကသိုလ် ဆရာတွေ NLD အခမဲ့ကျောင်းတွေ မှာ ပညာဒါနပို့ချမည်
2013.07.02
ဟောင်ကောင် တက္ကသိုလ်က လုပ်အားပေးကျောင်းဆရာတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက တည်ထောင်ထားတဲ့ ပညာဒါနစာသင်ကျောင်းတွေမှာ တစ်လတာ အခမဲ့စာသင်ကြားပေးမယ်လို့ သိရပါတယ်။
အဲဒီဟောင်ကောင်တက္ကသိုလ်က ဆရာတွေဟာ အင်္ဂလိပ်စာကို အဓိကသင်မှာဖြစ်တယ်လို့ NLD ပညာရေးကွန်ရက်တာဝန်ခံ ဒေါက်တာသိန်းလွင်က RFA ကို ပြောပါတယ်။
လာမယ့် ဇူလိုင်လ ၈ ရက်နေ့ကနေစပြီး ဟောင်ကောင်တက္ကသိုလ်က လုပ်အားပေးဆရာ ၁၄ ယောက်ဟာ အန်အယ်လ်ဒီက ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်းအတွင်းက အခြေခံပညာဒါနကျောင်းတွေမှာ စတင်သင်ကြားပေးဖို့အတွက် စီမံခန့်ခွဲရေးကိစ္စတွေကို ဒီကနေ့ တော်ဝင်နှင်းဆီခန်းမမှာ ပညာရေးကော်မတီဝင်တွေ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။
ကျောင်းတစ်ကျောင်းကို ဆရာနှစ်ယောက်စီ သင်ကြားပေးမှာဖြစ်ပြီး ကျောင်းတစ်ကျောင်းစီမှာ ကျောင်းသားဦးရေ လေးဆယ်ခန့်ရှိတယ်လို့ ဒေါက်တာသိန်းလွင် က ပြောပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ NLD ပညာဒါနကျောင်းတွေဟာ အခြေခံပညာအဆင့်ထိ သင်ကြားပေးတဲ့ကျောင်းတွေ ဖြစ်ကြပါတယ်။