ဟိုပန်ရေကြီးပြီး နုန်းတွေတင်နေ
2016.08.16
ရှမ်းပြည်နယ်မြောက်ပိုင်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့မှာ ပြီးခဲ့တဲ့နှစ်ရက်လောက်က မြို့လယ်မှာရှိတဲ့ နမ့်ဆန်ချောင်းရေလျှံတာကြောင့် နေအိမ် ၂၀၀ နီးပါးမှာ နုန်းတွေ ဝင်ရောက်ပြီး လူဦးရေ တစ်ထောင်ဝန်း ကျင်လောက် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေပါတယ်။
မိနစ်ပိုင်းအတွင်းမှာပဲ နေအိမ်တွေ လမ်းတွေထဲကို ရေနဲ့နုန်းတွေ ဝင်ရောက်လာတာဖြစ်တယ်လို့ ဟိုပန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုအောင် က ပြောပါတယ်။
"ကျနော်တို့ အပြင်ထွက်ကြည့်တဲ့အချိန်မှာ ၅ မိနစ်၊ ၁၀ မိနစ်အတွင်းကို ရေကဆင်းလာတာ၊ ကျနော်တို့ဒီမှာတော့ သဲတွေနဲ့ နုန်းတွေနဲ့ အားလုံးဖုံးလွှမ်းသွားတာပေါ့နော်၊ ကျနော်တို့ မြို့လည်ခေါင်လမ်းမကြီးတွေဆိုရင် သဲသောင်ကြီးတွေဖြစ်သွားတယ်၊ လမ်းတိုင်းလမ်းတိုင်းမှာ ကားတွေလည်းသဲတွေမြုပ်သွားတယ်၊ ကျနော့်ဆိုင်ကယ် ၁၁ စီးလောက်မြုပ်သွားတယ်၊ သဲကလည်း ဒူးခေါင်းကျော်ကျော်၊ ပေါင်ရင်းလောက်ထိဖုံးတယ်လေ၊ သဲအပေါ်မှာ နုံးကတစ်ပေလောက်ရှိတယ်"
လူထိခိုက်ဒဏ်ရာရတာမရှိဘဲ နမ့်ဆန်ချောင်းနဲ့နီးတဲ့ ကောင်းဟုန်း၊ ပန်လုံ နဲ့ ဈေးရပ်ကွက်တွေက နေအိမ်တွေနဲ့ ကားတွေ ဆိုင်ကယ်တွေ ပျက်စီးသွားတယ်လို့ ပြောပါတယ်။ ပျက်စီးသွားတဲ့နေအိမ်တွေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စာရင်းကောက်ယူနေပြီး လမ်းတွေပေါ်မှာရှိနေတဲ့ နုန်းတွေကို ဖယ်ရှားရှင်းလင်းနေ ပါတယ်။
နုန်းတွေကြောင့် နေထိုင်လို့မရတော့တဲ့ အိမ်ထောင်စုတွေက ဆွေမျိုးနဲ့ မိတ်ဆွေတွေရဲ့နေအိမ်တွေမှာ နေထိုင်နေ ပြီး စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲ ရှိနေတယ်လို့လည်း ပြောပါတယ်။
လွန်ခဲတဲ့ဆယ်နှစ်လောက်က တောင်ကျရေကြောင့် ဟိုပန်တစ်မြို့လုံး နုန်းတွေဖုံးလွှမ်းခဲ့ပါတယ်။