ဟိုပင်မြို့မှာ ကျောင်းသား ၄ ဦး ပျောက်ဆုံးနေ


2018.06.21
hopin-622.jpg ဟိုပင်မြို့အဝင်ကို တွေ့ရစဉ်
Photo : Aung Myint Thu - facebook

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့က ကျောင်းသား ၄ ယောက်ဟာ ဇွန် ၁၈ က ပျောက်ဆုံးနေတာ ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ဟိုပင်မြို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီကျောင်းသားတွေဟာ ဟိုပင်မြို့ မြသီတာအထက်တန်းကျောင်းကဖြစ်ပြီး အခြေအနေကို မသိရသေးဘူးလို့ ဟိုပင်မြို့ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင် ကို ဒီကနေ့ မေးမြန်းရာမှာ အခုလို ပြောပါတယ်။

"သူတို့သွားတတ်လာတတ်တဲ့ နေရာတွေကို လိုက်ပြီးတော့ စုံစမ်းခိုင်းထားတယ်။ ပြီးရင် လူပျောက်တိုင်တန်းချက် ဖွင့်ထားပြီးတော့ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေ၊ ဖားကန့်တို့ဘာတို့၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း အဲဒီလို လှမ်းချိတ်ပြီးတော့ လုပ်ထားပါတယ်။ အခြေအနေကတော့ မသိရသေးဘူးဗျ။ သူတို့ရဲ့ အဘွားတွေရဲ့၊ အဘိုးတွေ ရဲ့ ပြောပြချက်အရတော့ သူတို့ ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ၁၂ နာရီ ၁၅ အချိန်ပေါ့။ မြသီတာကျောင်း ကနေ ကျောင်းဆင်းတဲ့အချိန် အိမ်ပြန်လာတယ်။ နေ့လည်စာ ထမင်းစာပြီးတော့ အိမ်ကထွက်သွားပြီး တဲ့နောက်ပိုင်း ဘယ်ကိုသွားလိုက်တယ်ဆိုတာ မသိတော့ဘူးပေါ့ဗျာ"

ပျောက်ဆုံးနေတဲ့ ကျောင်းသားတွေဟာ မြသီတာအထက်တန်းကျောင်းက အဋ္ဌမတန်း ကျောင်းသား ၂ ယောက်နဲ့ နဝမတန်း ကျောင်းသား ၂ ယောက် ဖြစ်ပါတယ်။

အဲဒီ ကျောင်းသား လေးယောက်ကို အင်းတော်ကြီး-ဆယ်ဇဉ်း- ဝှေခါ-ဖားကန့်ဘက်သွားတဲ့ နန့်မွန်းတောင်ခြေမှာ တွေ့လိုက်တယ်လို့ ကြားသိရပေမယ့် ဒီကနေ့ညနေပိုင်းအထိတော့ ဘာမှအဆက်အသွယ်မရသေးဘူးလို့ နဝမတန်းကျောင်းသား မောင်သန့်ဇင်ထွန်းရဲ့ မိခင် ဒေါ်လှိုင်က ပြောပါတယ်။

ဒီကနေ့မှာ ဟိုပင်မြို့ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တချို့ဟာ သူတို့သွားနိုင်မယ်လို့ ယူဆထားတဲ့ အင်းတော်ကြီး-ဝှေခါ- ဆယ်ဇဉ်းနဲ့ ဖားကန့်လမ်းကြောင်းတွေဘက် သွားရောက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေက ဟိုပင်မြို့ရဲစခန်းနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေကို ကူညီရှာဖွေပေးဖို့ အကြောင်းကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ တုန်းကလည်း မိုးညှင်းမြို့နယ် ဘီလူးမြို့က အမျိုးသမီး ၄ ယောက်ဟာ အလုပ်ရှာပေးမယ်ဆိုသူရဲ့ စည်းရုံးပြောဆိုမှုနဲ့ တရုတ်နိုင်ငံဘက် ခေါ်ဆောင်ခံခဲ့ရပြီး နောက်ပိုင်းမှာ ပြန်လည်လွတ်မြောက်ခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။