ပယောဂကုတယ်ဆိုပြီး ရိုက်နှက်မှုကြောင့် အဘွားအို ၁ ဦး သေဆုံး


2017.04.16

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်က ဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်နေတဲ့ အဘွားအို ၃ ယောက်ကို ပယောဂ ကုဖို့ဆိုပြီး ရိုက်နှက်ကန်ကျောက်ခဲ့တဲ့ ကိုရင်ကြီး အပါအဝင် ၃ ဦးကို  ဟိုပုံးရဲစခန်းက ဖမ်းဆီးစစ်ဆေးနေပါတယ်။

ရိုက်နှက်ခံထားရတဲ့ အဘွားအိုတွေထဲက အသက် ၆ဝ ကျော်အရွယ် အဘွားအို ၁ ဦး သေဆုံးသွားတဲ့အတွက် ရိုက်နှက်ခဲ့တဲ့ ကိုရင်ကြီး အပါအဝင် သုံးယောက်ကို လူသတ်မှု ပုဒ်မ (၃ဝ၂) နဲ့ ဖမ်းဆီးထားတယ်လို့ ဟိုပုံးရဲစခန်းက ဒုရဲအုပ် အောင်ဆန်းမင်းက ပြောပါတယ်။

"အမှုက လူသတ်မှုနဲ့ဖွင့်ထားတာဗျ။ ၃ဝ၂ နဲ့။ လူကတော့ အချုပ်ထဲမှာပေါ့။ ဖမ်းထားတာပေါ့။ အမှုစစ်ကတော့ သွားပြီးစစ်နေတာပေါ့။ အမှုစစ်ကတော့ စခန်းမှူးပဲ စစ်တာ"

ဟိုပုံးမြို့နယ် ကောင်းစေတီရွာက ကောင်းစေတီ တောရကျောင်းတိုက်မှာ တရားစခန်းဝင်နေတဲ့ အဘွားအို ၃ ယောက်ကို အဲဒီကျောင်းမှာ သီတင်းသုံးနေတဲ့ ကိုရင်ကြီး အရှင် ဣန္ဒောဘာသ အပါအဝင် ၃ ဦးက ဧပြီလ ၁၃ ရက်နေ့ သြင်္ကန်အကြိုနေ့ ညနေမှာ ပယောဂကုပေးမယ်ဆိုပြီး ခေါ်ယူကာ ခန္ဓာကိုယ်အနှံ့ကို ဝါးလုံးနဲ့ ရိုက်နှက်တဲ့ အပြင် ခြေနဲ့ကန်ကျောက်တာပါ ပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။

အဲဒီလို ရိုက်နှက်ခံခဲ့ရတဲ့ အဘွားအိုတွေထဲက ၁ ဦးဟာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ဧပြီလ ၁၄ ရက်နေ့ ညနေ မှာ သေဆုံးခဲ့ပြီး ကျန်တဲ့အဘွားအို ၂ ယောက်လည်း ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ဟိုပုန်းမြို့နယ် ပြည်သူ့ဆေးရုံ မှာ တင်ထားရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။