ဆေးရုံတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

RFA Burmese
2024.08.03
ဆေးရုံတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု NUG ပြင်းပြင်းထန်ထန် ရှုတ်ချ လောက်ကိုင်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆေးရုံအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က တွေ့ရစဥ်။
Kokang Info

စစ်ကောင်စီက ဆေးရုံတွေနဲ့ အရပ်သားနေအိမ်တွေကို လေကြောင်းက တိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေကြောင့် ရှစ်ဦး ‌သေဆုံးခဲ့ပြီး လူအမြောက်အမြား ထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချကြောင်း သြဂုတ် ၂ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ် ၁ ရက်မှာ စစ်မြေပြင်မဟုတ်တဲ့ လောက်ကိုင်မြို့တော်၊ တုန်းချိန်မြို့ကို လေကြောင်းက Heavy weight ဗုံးသီးလေးလုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ် ၂ ရက်မှာလည်း ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့နယ်၊ ထိုက်ဖျင်တိုက်နယ်၊ ရိုးယွမ်ကျည်ရွာကို ဗုံးသီး ၁၇ လုံးနဲ့ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။ အရပ်သားနေအိမ်တွေ၊ ဟိုတယ်တွေနဲ့ မော်တော်ကားတွေ အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း ပါရှိပါတယ်။

အလားတူ ဇူလိုင် ၁၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မုံရွာ-ရေဦးလမ်းပိုင်း ထနောင်ကုန်းကျေးရွာက ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁၅ ရက်မှာ ရခိုင်ပြည်နယ် သံတွဲမြို့က ခရိုင်ပြည်သူ့ဆေးရုံကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောင်တွေ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်ခံရမှုတွေအတွင်း ကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်သူတွေနဲ့ PDF ရဲဘော် စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အမြောက်အမြားရှိခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့ရတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သားဖွားဆရာမတစ်ဦးရဲ့ တစ်နှစ်ခွဲအရွယ် ကလေးငယ်မှာလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီလို စစ်ကောင်စီက ဆေးရုံဆေးခန်းတွေအပေါ် တမင်ပစ်မှတ်ထား တိုက်ခိုက်တာတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူမရှုဘဲ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးဖို့ လိုအပ်နေကြောင်းနဲ့ စစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်နေသူတွေ၊ ထောက်ခံအားပေးနေသူတွေအနေနဲ့ မိမိတို့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့ အလေးအနက်တိုက်တွန်းကြောင်းလည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။