ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီတိုက်ခိုက်မှု အရေးယူပေးဖို့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့ တောင်းဆို
2023.08.19
အာဏာသိမ်းစစ်ကောင်စီတပ်က ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို နိုင်ငံတကာက အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် မတရားဖမ်းဆီးခံနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ခြွင်းချက်မရှိအမြန်ဆုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့က ကျရောက်တဲ့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေ အတင်းအဓမ္မပြောင်းရွှေ့ခံရ၊ ထွက်ပြေးနေကြရကြောင်း၊ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံး ပဋိပက္ခ ပိုမိုပြင်းထန်လာပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူ နှစ်သန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။
ဒီပြည်သူတွေအတွက် နယ်စပ်ဖြတ်ကျော်ကူညီမှုတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အထူးလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ်အကူအညီတွေ၊ လူသားချင်းစာနာမှုအကူအညီတွေ အမှန်တကယ်လိုအပ်နေသူတွေဆီ တိုက်ရိုက်ရောက်နိုင်ရေး ဆောင်ရွက်ပေးဖို့၊ နယ်စပ်ဖြတ်ကျော်အကူအညီတွေထံမှ တစ်ဆင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကူအညီတွေ တိုက်ရိုက်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့၊ နိုင်ငံတကာက စစ်အုပ်စုကို အသိအမှတ်ပြုနေတာတွေ လုံးဝရပ်ဆိုင်းဖို့ နဲ့ လူသားချင်းစာနာမှုအကူအညီတွေ၊ ဖွံ့ဖြိုးရေးအကူအညီတွေနဲ့ စစ်အုပ်စုအကျိုးစီးပွားဖြစ်စေတဲ့ ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ ဒီအဖွဲ့တွေက တောင်းဆိုပါတယ်။