နေ့အပူချိန်မြင့်တက်နိုင်တဲ့ တိုင်း နဲ့ ပြည်နယ်တွေကို မိုးဇလ ထုတ်ပြန် သတိပေး


2017.04.11
hot-weather-620.jpg တစ်နိုင်ငံလုံး အပူချိန်မြင့်တက်မှု ခန့်မှန်းချက်ပြမြေပုံ
ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း နဲ့ မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ နောက် ၃ ရက်လောက်အထိ နေ့အပူချိန်တွေ မြင့်တက်နေဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာဆိုရင် ပြီးခဲ့တဲ့ နှစ်က ၄၂ ဒီဂရီစင်တီဂရိတ်သာရှိခဲ့ပြီး ဒီနှစ်ဧပြီမှာ ၄၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်တာကြောင့် နှစ်ပေါင်း ၇၀ အတွင်း အမြင့်ဆုံးစံချိန်ချိုးခဲ့တာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"တောင်ငူမြို့မှာတော့ အပူချိန်စံချိန်ချိုးတဲ့ အနေအထားလေးရှိပါတယ်။ စခန်းဖွင့်တဲ့ အချိန်ကနေ စပြီးတော့ပေါ့နော်။ ဧပြီလအတွင်းမှာ တိုင်းတာလို့ ရရှိတဲ့ နေ့အပူချိန်တွေထဲမှာ စံချိန်ချိုးတာကတော့ ၄၃.၃ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်ကျိုးပါတယ်။ မနှစ်ကတော့ ၄၂.၈ ဒီဂရီစင်တီဂရိတ် စံချိန်ရှိခဲ့တာပေါ့။ စခန်းစတာ ကတော့ နှစ်ပေါင်း ၇၀ လောက် ရှိမှာပေါ့နော်။"

ဒီနေ့ဆိုရင် ချောက်မြို့မှာ ၄၆ ဒီဂရီစင်တီဂရိတ်၊ ဂန့်ဂေါ၊ ညောင်ဦးနဲ့ မကွေးမြို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်၊ မုံရွာ၊ မြင်းခြံ၊ မန္တလေး၊ မြင်းမူ၊ မင်းဘူး၊ တောင်တွင်းကြီး၊ ပေါက်နဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ ၄၃ ဒီဂရီစင်တီဂရိတ် အထိ နေ့အပူချိန်တွေမြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း တောင်ပိုင်း၊ မန္တလေးတိုင်း တောင်ပိုင်း၊ ပဲခူးတိုင်း အရှေ့မြောက်ခြမ်းတွေမှာဆိုရင် ၄၁ ဒီဂရီ စင်တီဂရိတ်ကနေ ၄၅ င်္ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ ဒီနေ့ ဧပြီလ ၁၁ ရက်ကနေ ၁၇ ရက်နေ့ အထိ တပတ်ကြာ နေ့အပူချိန်တွေ မြင့်တက်နိုင်တယ်လို့ သတိပေးထားပါတယ်။

စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ ရှမ်းနဲ့ ကယား စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ နေ့အပူချိန်ဟာ ၃၅ ဒီဂရီ စင်တီဂရိတ်ကနေ ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန် ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီကနေ့ ဧပြီ ၁၁ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းတာနဲ့ နေ့အပူချိန်တွေ မြင့်တက်နေတဲ့အတွက် နေပြင်းတဲ့အချိန် မှာ အိမ်ပြင်ထွက်ရင် ဦးထုပ်၊ ထီး စတာတွေ ဆောင်ဖို့၊ အပြင်ကပြန်လာရင် ချက်ချင်းရေလောင်းတာ၊ ရေချိုး တာတွေမလုပ်ဖို့၊ အရက်သေစာ အလွန်အကျွံမသောက်ဖို့၊ ရေခဲရေသောက်တာတွေကို ရှောင်ရှားဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံးကလည်း သတိပေးထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။