ရခိုင်အရေးအတွက် ဆုတောင်းပွဲ ကျင်းပဖို့ ဟိုတယ်က လက်မခံတော့လို့ ပွဲပျက်
2019.03.23
ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ စစ်ဘေးဒဏ်ခံရတဲ့ ဒေသတွေက ပြည်သူတွေရဲ့ ဘဝလုံခြုံရေးနဲ့ ရခိုင်ပြည်နယ် တစ်ခုလုံး အေးချမ်းသာယာရေးအတွက် ရည်ရွယ်ပြုလုပ်မယ့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ကျင်းပဖို့ လက်ခံထားတဲ့ ဟိုတယ်က ခွင့်မပြုတော့တဲ့အတွက် ဒီနေ့ ပွဲပျက်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီပွဲပြုလုပ်ဖို့အတွက် ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က ပြည်သာယာ ဟိုတယ်ကို မတ်လ ၁၉ ရက်နေ့ကတည်းက ကြိုတင် ငှားရမ်းထားပြီး ဖြစ်ပေမယ့် ဆုတောင်းပွဲပြုလုပ်မယ့် ရက်မတိုင်ခင် ညပိုင်းကမှ ခွင့်ပြုမပေးနိုင်တော့ကြောင်း ဟိုတယ်ဘက်က စာပြန်ခဲ့တာဖြစ်တယ်လို့ ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ ဒေါက်တာ နှင်းအေးကို က RFA ကို ဒီနေ့ ပြောပါတယ်။
ပြည်သာယာ ဟိုတယ်က လက်မခံနိုင်တော့ကြောင်း အကြောင်းပြန်တဲ့စာထဲမှာ အဲဒီဆုတောင်းပွဲကို လက်ခံထားတဲ့ ဟိုတယ်ဝန်ထမ်းက ပိုင်ရှင်ကို အသိပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ပိုင်ရှင်အနေနဲ့ သက်ဆိုင်ရာကို ခွင့်ပြုမိန့်တောင်းခံဖို့ အချိန်မမီတော့တဲ့အတွက် လက်ခံခွင့်ပြု မပေးနိုင်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒီဟိုတယ်မှာပဲ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေနဲ့ တခြားအစီအစဉ်တွေကို ခွင့်ပြုချက်ယူစရာမလိုပဲ ကျင်းပလာတာ ၆ ကြိမ်ထက်မနည်း ရှိပြီဖြစ်ပြီး အခုလိုမျိုးဖြစ်ရပ်မျိုး မကြုံဖူးဘူးလို့ ဒေါက်တာ နှင်းအေးကိုက ပြောပါတယ်။
အခုလိုလက်မခံတော့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သာယာ ဟိုတယ် မန်နေဂျာကို ဖြေကြားပေးဖို့ RFA က မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
အဲဒီဆုတောင်းပွဲမှာ ဘာသာပေါင်းစုံက ကိုယ်စားလှယ်တွေက ဆုတောင်းမေတ္တာ ပို့သတာတွေအပြင် My Hidden City (Mrauk U) မှတ်တမ်းရုပ်ရှင်ပြသပွဲနဲ့ ကဗျာရွတ်ဆိုခြင်းတွေလည်း ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့လိုက်တာပါ။