ပုဂံညောင်ဦးက ဟိုတယ်ဝန်ထမ်းတွေ လုပ်ခလစာ အပြည့်အဝရရှိဖို့ ဆန္ဒပြတောင်းဆို


2016.12.27
bagan-hotel-workers-620.jpg ပုဂံ ညောင်ဦးမြို့နယ်က ဟိုတယ်ဝန်ထမ်းတွေ လုပ်ခလစာနဲ့ ဝန်ဆောင်ခ အပြည့်အဝရရှိဖို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဆန္ဒပြနေစဉ်
ဓါတ်ပုံ - ကိုဝင်းမင်းထွန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်က ဟိုတယ်ဝန်ထမ်း ၃၀၀ နီးပါးဟာ အနည်းဆုံးလုပ်ခ လစာအပြည့်အဝ ရရှိဖို့နဲ့ ဧည့်သည်တွေဆီကရရှိတဲ့ ဝန်ဆောင်ခတွေကို ဝန်ထမ်းတွေကို ပြန်လည်ပေးချေဖို့ ဒီနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။

အလုပ်ရှင်တွေဟာ ဝန်ဆောင်မှုစရိတ်နဲ့ လစာငွေအပြည့်အဝတောင်းခံတဲ့ အလုပ်သမားတွေကို အပြစ်မရှိဘဲ အလုပ်ကနေ ထုတ်ပယ်တာမျိုးတွေလည်း ရှိနေတယ်လို့ ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ဟိုတယ်ချစ်သူမြို့နယ် အလုပ်သမားအဖွဲ့ အတွင်းရေးမှုး ကိုနေမျိုးဝင်း က ပြောပါတယ်။

"ဟိုတယ် ၆ လုံးလောက်က မတရားသဖြင့်အလုပ်ထုတ်နေတာတွေရှိတယ်။ အခုလောလောလတ်လတ် ကို ရှိနေတာတွေရှိတယ်။ ဥပဒေပါခံစားခွင့် တစ်သိန်းရှစ်ထောင် အနည်းဆုံးအခကြေးငွေကို တောင်း တာနဲ့ အလုပ်ရှင်က ဥပဒေအရပေးရမယ်မှန်းသိနေသားနဲ့ အလုပ်သမားကတောင်းပြီဆိုရင် ဒီအလုပ် သမားတစ်ယောက်ကို မကြည်ဖြူတော့ဘူး။ လုပ်ငန်းခွင်ထဲမှာ ဖိအားတွေပေးတယ်။ ဖိနှိပ်တယ်။"

ပုဂံ-ညောင်ဦးမြို့နယ်မှာ ဟိုတယ်နဲ့မိုတယ်အလုံးရေ ၁၀၀ ကျော်ရှိပြီး အဲဒီထဲက ဟိုတယ်နဲ့ မိုတယ် အလုံး ၂၀ ခန့်ကသာ အနည်းဆုံးအခကြေးငွေ တစ်သိန်းရှစ်ထောင်ကို ပေးချေပြီး ဟိုတယ်နဲ့ မိုတယ်အများစုက တစ်လ လုပ်အားခငွေ ကျပ်ခြောက်သောင်းကနေ ခုနှစ်သောင်းလောက်သာပေးတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

တည်းခိုသူတွေဆီကနေရရှိတဲ့ ဝန်ဆောင်ခတွေကိုလည်း အလုပ်သမားတွေကို အပြည့်အဝမပေးဘူးလို့လည်း ဆိုပါတယ်။ အဲဒီဝန်ဆောင်ခတွေပေးမယ်ဆိုရင် အလုပ်သမားတစ်ဦးဟာ တလဝန်ဆောင်မှုစရိတ် ကျပ် ၅သောင်းကျော်ရရှိနိုင်ကြောင်းနဲ့ ဟိုတယ်အများစုက ဝန်ဆောင်ခမပေးကြဘူးလို့လည်း ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ သူတ့ိုလိုလားချက်တွေကို ဆောင်ရွက်ပေးနိုင်ဖို့ အစိုးရ၊ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ လုပ်ငန်းရှင်တွေပါဝင်ပြီး ဆွေးနွေးဆုံးဖြတ်ပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။