စစ်အာဏာသိမ်းပြီးနောက် မီးရှို့ခံရတဲ့ နေအိမ်အလုံးပေါင်း သုံးထောင်ကျော်ပြီ
၂၀၂၂ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာသိမ်းပြီး နောက်ပိုင်း တိုင်းနဲ့ပြည်နယ်ကိုးခုက မြို့နယ် ကျေးရွာ ၁၂၆ ခုမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံရတဲ့ နေအိမ်အလုံးပေါင်း ၃၃၇၉ လုံး ရှိသွားပါပြီ။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး နေအိမ်အလုံးပေါင်း ၁၄၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထား ပါတယ်။ ဒုတိယအများဆုံးက ချင်းပြည်နယ် ဖြစ်ပြီး နေအိမ်အလုံးပေါင်း ၉၇၆ လုံး၊ မကွေးတိုင်းမှာ ၅၈၅ လုံး၊ ကယားပြည်နယ်မှာ ၃၀၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဒီစာရင်းဟာ အဖွဲ့က ကောက်ယူရရှိတဲ့ သတင်းရင်းမြစ် အချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး စာရင်းမှာ မပါသေးတဲ့ဖြစ်ရပ်တွေ ရှိနိုင်သေးတဲ့ အတွက် မီးရှို့ခံရတဲ့ နေအိမ်အရေအတွက် အခုထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေကြရာမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မကွေးတိုင်းအထက်ပိုင်းမှာ စစ်ကောင်စီက အင်အားသုံးချေမှုန်းဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
လတ်တလောဖြစ်ရပ်တွေအနေနဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မွေ့တုံရွာနဲ့ပန်းရွာမှာ နေအိမ်အလုံးပေါင်း လေးရာကျော်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ထန်တလန်မြို့မှာ နေအိမ် ၉၄ လုံး မီးရှို့ခံခဲ့ရပါတယ်။ ဒီသတင်းထုတ်ပြန်ချိန် ဖေဖော်ဝါရီ ၄ ရက် ညပိုင်းနဲ့ သန်းခေါင်ကျော်အချိန် မှာပဲ ပုလဲမြို့နယ်က ကိုင်းတွင်းရွာနဲ့ လှော်ကားရွာကို စစ်ကောင်စီတပ်တွေက မီးတင်ရှို့ခဲ့တယ်လို့ RFA က သတင်းရရှိထားပြီး အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အခုလို နိုင်ငံတစ်ဝန်းမှာ အရပ်သားတွေရဲ့နေအိမ်တွေ မီးရှို့ခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
နိုင်ငံရေး လေ့လာသူတွေကတော့ စစ်ကောင်စီဟာ ရန်သူစိုးမိုးတဲ့နယ်မြေမှာ နေအိမ်တွေ အဆောက်အအုံတွေကို ဖျက်ဆီး မြေလှန်မီးရှို့တဲ့ မူဝါဒ (scorched-earth policy) ကျင့်သုံးနေတာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။