မြို့၃မြို့ ဒုတိယအကြိမ် ရေကြီး


2018.08.14
Share on WhatsApp
Share on WhatsApp
hpa-an-flood-622.jpg ရေကြီးနေတဲ့ ဘားအံမြို့ကို ၂၀၁၈ သြဂုတ်လ ၁၄ ရက်နေ့ကတွေ့ရစဉ်
Photo: Saw Chaint Phaung's Facebook

သံလွင်မြစ်ရေတက်တာနဲ့ မိုးများတာတွေကြောင့် ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့ နဲ့ ဖာပွန်မြို့တို့မှာ ဒုတိယ အကြိမ် ရေကြီးနေပါတယ်။

မြစ်ဘေးက မြို့ ၃ မြို့မှာ နေရာတော်တော်များများ ရေမြုပ်နေတယ်လို့  ရေဘေးကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကရင်ပြည်နယ် လူငယ်မောင်မယ်များအဖွဲ့က ကိုအောင်မိုး က ပြောပါတယ်။

"ဒုတိယအကြိမ်က တဖြည်းဖြည်းတက်တာပေါ့၊ မနေ့မနက်ကနေ နှစ်ရက်အတွင်း ဒီမှာတက်တာ ကတော့ စင်တီမီတာ ၈၆၄ ဖြစ်သွားပြီ၊ ခုလောလောစဉ် သံလွင်မြစ်ပေါ်မှာတော့ ဖာပွန်မြို့နယ် နောက် ကျနော်တို့ လှိုင်းဘွဲ့မြို့နယ်ရယ် နောက်ဘားအံမြို့နယ်ရယ်ပေါ့၊ အရင်မြုပ်သွားတဲ့နေရာအားလုံး နီးပါး မြုပ်နေတာပေါ့"

လက်ရှိ ဘားအံမြို့ပေါ်က ကယ်ဆယ်ရေးစခန်း ၅ခုမှာ လူ ၅ ထောင်ကျော်ရှိနေပြီး အခုရေတက်ချိန်မှာ တချို့ကျေးရွာတွေက ကယ်ဆယ်ရေးစခန်းတွေဆီသွားဖို့ ရေအခြေအနေကို စောင့်ကြည်နေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်လကတည်းက ရေကြီးနစ်မြုပ်တာတွေဖြစ်ပေါ်ခဲ့ပြီး ရေအနည်းငယ်ကျသွားလို့ အများစုက ရေဘေးကယ်ဆယ်ရေးစခန်းတွေကနေ နေအိမ်တွေပြန်ကြတာပါ။

ဒုတိယအကြိမ် ရေပြန်တက်တာ ရက်ရှည်ကြာမယ်ဆိုရင် စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရသလို လယ်ယာတွေ ပြန်ပျက်စီးမှာကိုလည်း စိုးရိမ်ရတယ်လို့  ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း ထူးကဲဒီရေတက်တာကြောင့် ရွှေမြိုင်သီရီ၊ ဇေယျာသီရီ၊ သာယာအေး စတဲ့ ရပ်ကွက် ၁၄ ခုလောက်မှာ နေအိမ်တွေ ရေနစ်မြုပ်နေပါတယ်။

အခုရက်ပိုင်းမှာ မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်၊ ပဲခူးနဲ့ ရန်ကုန် စတဲ့ တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နေတာကြောင့် မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။