ဘားအံမှာ ရေဘေးဒုက္ခသည် နှစ်ထောင်ကျော်ရှိနေ
2020.08.25
ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေတက်တာကြောင့် ရေဘေးဒုက္ခသည်စခန်း ခုနှစ်ခု ဖွင့်ထားရပြီး လူဦးရေ ၂၁၀၀ ကျော် ခိုလှုံနေရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ပြောပါတယ်။
ရေဘေးဒုက္ခသည်တွေကို အစိုးရက စားသောက်ရေးနဲ့ ကျန်းမာရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးနေသလို ကိုဗစ်ကာလဖြစ်တာကြောင့် မိသားစုတွေ နီးနီးကပ်ကပ် မဖြစ်အောင် ဆောင်ရွက်ပေးနေရတယ်လို့ ဦးဇေထက်အောင်က ပြောပါတယ်။
ဘားအံမြို့ပေါ်မှာ မိုးလုံ လေလုံ အားကစားရုံ၊ အမက (၈)၊ အမက (၅)၊ ရွှေရင်မျှော်ဘုရား၊ အစ္စလာမ်ပရဟိတ စာသင်ကျောင်းစတဲ့ နေရာ ခုနှစ်ခုမှာ ဒုက္ခသည်စခန်းဖွင့်လှစ်ပြီး ကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေရှိနေတာကြောင့် တတ်နိုင်သလောက် ကယ်ဆယ်ရေးစခန်းတွေကိုမပို့ဘဲ နီးစပ်ရာဆွေမျိုးတွေအိမ်ကို ရွှေ့ပြောင်းပေးနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
ဘားအံမြို့ပေါ် ရွေဂွန်းမှာ မြစ်ရေကြီးနေသလို့ မြစ်ကြောင်းတစ်လျှောက် ကျေးရွာတွေမှာလည်း မြစ်ရေဝင်တာတွေရှိတယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောပါတယ်။
ဘားအံမြို့မှာ စိုးရိမ်ရေအမှတ် ၇၅၀ ဖြစ်ပြီး သံလွင်မြစ်ရေဟာ လက်ရှိမှာ ၈၆၅ စင်တီမီတာကို ရောက်ရှိနေတာကြောင့် ၄ ပေကျော် မြင့်တတ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ် ဖားဆောင်းမှာလည်း သံလွင်မြစ်ရေကြီးတာကြောင့် ရေဘေးဒုက္ခကြုံတွေ့ရသူတွေကို နေရာပြောင်းရွှေ့ထားရပါတယ်။