ဖားကန့်တိုက်ပွဲမှာ ဒေသခံဆယ်ဦးထက်မနည်း သေဆုံး

RFA Burmese
2024.09.11
ဖားကန့်တိုက်ပွဲမှာ ဒေသခံဆယ်ဦးထက်မနည်း သေဆုံး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် လက်နက်ကြီးကျသဖြင့် မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူ) ရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ဖြစ်ပွားတဲ့ တိုက်ပွဲ ငါးရက်အတွင်း ဒေသခံဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့လည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ ဒေသခံတချို့ကို ဖမ်းဆီးအကာအကွယ်ယူ တပ်စွဲထားပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က အဲဒီနေရာကို ၀ိုင်းပတ်ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ထိမှန်တာနဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဒေသခံတွေ သေဆုံးထိခိုက်ခဲ့တာလို့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သေဆုံးတာက အခုထိ စာရင်းရထားတာက ခုနစ်ယောက်၊ စာရင်းမရသေးသူတွေရောဆိုရင် စုစုပေါင်း ဆယ်ယောက်မကတော့ဘူး။ သေနတ်နဲ့ ပစ်ခံရတာရှိတယ်။ တချို့က လက်နက်ကြီးထိပြီး သေတယ်။ ဒဏ်ရာရတာတွေလည်း များတယ်။ မနေ့ကလည်း လက်နက်ကြီးထိပြီး သုံးယောက် ဒဏ်ရာရတယ်။ နေအိမ်တွေလည်း တော်တော်များများ ပျက်စီးတယ်။ လက်နက်ကြီးက တစ်ရွာလုံးကိုကျတာ"

သေဆုံးသူအများစုက အမျိုးသားတွေဖြစ်ပြီး ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် သူတို့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။ အခုတိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ကတော့ Lucky Man ဟိုတယ်မှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေကို ကယ်ထုတ်ဖို့သွားတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးယွပ်ဇော်ခေါင်လည်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ တိုက်ပွဲတွေက ဒီနေ့အထိ ဆက်ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

“အခြေအနေကတော့ ဟိုတယ်မှာ ပိတ်မိနေပြည်သူလူထုနဲ့ စကစ စစ်ကြောင်းတွေလည်း ဟိုတယ်မှာပဲ ရှိသေးတယ်။ ဆိုင်းတောင်ရွာကိုတော့ လမ်းကြားတွေ၊ လမ်းတွေ အကုန်လုံးက KIA ဘက်က ပိတ်ထားတယ်။ ဗျူဟာကုန်းကလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်တယ်။ ဒါကြောင့် ပြည်သူလူထုတွေလည်း သေတာတွေရှိတာပေါ့၊ ဒဏ်ရာရသူတွေလည်းရှိတယ်။ တိုက်ပွဲတွေတော့ ဆက်ဖြစ်နေတယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဆိုင်းတောင်ရွာအပြင် ဖားကန့်မြို့ အဝင်အထွက်လမ်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ဖားကန့်မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်စခန်း ငါးခုခန့်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။