ဖားကန့်မှာ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးနေရ
2024.09.09
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) နဲ့ ဂျန်ကပ်ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လူနှစ်ထောင်ခန့် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၉ ရက်နေ့မှာ ပြောပါတယ်။
ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ KPDF တပ်ဖွဲ့တွေက စက်တင်ဘာလလ ၇ ရက်နေ့မှာ ၀ိုင်းထားပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ၁ နာရီလောက်ကစပြီး တိုက်ကြပြီ။ လက်နက်ကြီးတွေ တစ်ရွာလုံးကိုကျတယ်။ နေရာတော်တော်များများမှာ ကျနေတယ်။ တော်တော်ပစ်နေကြတယ် အသံစုံပဲ။ လက်နက်ကြီးတွေကို ဒီဖားကန့်ဗျူဟာကုန်းကနေလည်း ပစ်နေတယ်။ ဗျူဟာကုန်းကိုလည်း တော်လှန်ရေးတပ်တွေက ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်နေကြတယ်။ ပြည်သူတွေလည်း ထွက်ပြေးကြတယ်”
စက်တင်ဘာလ ၇ ရက်နေ့ကတော့ ဆိုင်းတောင်ရွာက တိုက်ပွဲအတွင်းမှာ လက်နက်ကြီးကျည်ထိမှန်ပြီး ရွာခံအမျိုးသားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဆိုင်းတောင်ရွာ အဝင်အထွက်လမ်းအားလုံးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ် ဂျန်ကပ်ရွာဘက်မှာလည်း အင်အားတစ်ရာဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KIA ပူပေါင်းတပ်တွေ စက်တက်ဘာလ ၄ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဖားကန့်မြို့နယ်ထဲက တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။
“ဖားကန့်ဗျူဟာကုန်းက စစ်ကောင်စီတပ်သားတွေ ဖားကန့်မြို့အနီးမှာ စစ်ကြောင်းထိုးလာလို့ ပစ်ခတ်တာရှိတယ်။ ပြီးတော့ ဆိုင်းတောင်ဘက်က ပြည်သူတွေတည်းတဲ့ ဟိုတယ်တွေမှာလည်း စကစတွေက နေရာပြန်ယူထားတော့ ဝိုင်းထားကြတယ်လို့တော့ သိရတယ်။ လိုင်းမရတော့ အသေးစိတ်အခြေအတော့ မသိရဘူး”
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲမှာလည်း မိုးမောက်မြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
လက်ရှိမှာ ဖားကန့်မြို့ အဝင်အထွက်လမ်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး ဖားကန့်မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်စခန်း ငါးခုခန့်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။