ဖာပွန်မှာ တစ်လအတွင်း တိုက်ပွဲ ၁၅၀ နီးပါးဖြစ်ပွား
2023.09.04

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ ဩဂုတ်လအတွင်း တိုက်ပွဲ ၁၄၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၃ ရက် မနေ့က သတင်းထုတ်ပြန် ပါတယ်။
ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
သြဂုတ်လအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၉၆ ကြိမ် ပစ်ခတ်ခဲ့ပြီး၊ လေယာဉ် နှစ်စင်းနဲ့ ဗုံးလေးလုံး ကြဲချခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈၈ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရခဲ့ကာ KNLA ဘက်က ငါးဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးရှိနေလို့ မဖြေဆိုနိုင်သေးဘူးလို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေ အတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား တိုက်ပွဲပေါင်း တစ်သောင်းကျော် ဖြစ်ပွားခဲ့ပြီး အရပ်သား ခြောက်သိန်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ KNU ရဲ့ စာရင်းတွေအရ သိရပါတယ်။