ဖာပွန်မှာ နှစ်ပတ်အတွင်း လက်နက်ကြီးကြောင့် အရပ်သား သုံးဦးသေဆုံးကြောင်း KNU ထုတ်ပြန်
2024.10.18
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ KNU ဖာပွန်ခရိုင်က အောက်တိုဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲ ၄၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးကာ ကိုးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကို အဓိကအသုံးပြုခဲ့ပြီး လေကြောင်းကနေ ဗုံး ၅၁ လုံးကြဲချခဲ့တဲ့အပြင် အရပ်သားတွေရှိရာ နေရာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သုံးဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ အလုံး တစ်ရာနီးပါး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား တစ်ဦးသေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦးအပါအဝင် ၇၄ ဦး သေဆုံးခဲ့တယ်လို့ KNU ဖာပွန်ခရိုင်က အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိခဲ့ကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။