ဖားကန့်တိုက်ပွဲ တစ်ပတ်အတွင်း ဒေသခံ နှစ်ဆယ်ကျော် သေဆုံး

RFA Burmese
2024.09.14
ဖားကန့်တိုက်ပွဲ တစ်ပတ်အတွင်း ဒေသခံ နှစ်ဆယ်ကျော် သေဆုံး ဖားကန့် ဆိုင်းတောင်ကျေးရွာကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ခဲ့စဉ်။
Citizen Photo

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ရွာမှာ စက်တင်ဘာလ ၁၄ ရက် ဒီနေ့အထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတစ်ပတ်အတွင်းမှာ အရပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး နေအိမ် တစ်ရာခန့် မီးရှို့ဖျက်ဆီးခံထားရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ထိမှန်တာနဲ့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား သေဆုံးထိခိုက်သူ အရေအတွက် တိုးလာတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုထိသိရတဲ့ စာရင်းအရ သေဆုံးတဲ့ပြည်သူ နှစ်ဆယ်ကျော်ပြီ။ လက်နက်ကြီးကြောင့် သေတာရှိတယ်။ တချို့က ပစ်သတ်ခံရတာ။ ဟိုတယ်ထဲမှာကို သတ်ခံရတာ တော်တော်များသွားပြီ။ သေဆုံးတာအများပိုင်းက အမျိုးသားတွေပဲ။ ဒဏ်ရာရတဲ့ဟာတွေ လည်းများတယ်။ သေဆုံးဒဏ်ရာရတဲ့စာရင်းက ဒီထက်လည်း များနိုင်သေးတယ်”

စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ Lucky Man ဟိုတယ်မှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေ သတ်ဖြတ်ခံ ရတာလည်းရှိပြီး၊ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ရုပ်အလောင်းတချို့ ဥရုချောင်းအတွင်း မျောပါလာတာတွေ လည်းရှိတယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ၁၃ ရက် မနေ့ကတော့ ဖားကန့်ဗျူဟာကုန်းက ပစ်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မော်မောင်းကုန်းရွာက ဒေါ်ထုလွမ့် သေဆုံးပြီး နောက်ထပ် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာတော့ ဆိုင်းတောင်ရွာ ရပ်ကွက် (၄) က နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်တစ်ရာခန့် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

တိုက်ပွဲအတွင်း ဆိုင်းတောင်ရွာ ရဲစခန်းကို KIAနဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၂ ရက်နေ့ အစောပိုင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက် ဒီနေ့ နေ့လယ်ပိုင်းကစပြီး ဆိုင်းတောင်ရွာမှာ နှစ်ဖက်လုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။