ဖရူဆိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာရ

RFA Burmese
2023.06.23
ဖရူဆိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာရ လေကြောင်းတိုက်ခိုက်ခံရသဖြင့် ပျက်စီးသွားသည့် လိခူပရာကျေးရွာမှ နေအိမ်အချို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်။
A.S/Karenni Voice

ကယားပြည်နယ် ဖရူဆိုမြို့နယ်အနောက်ခြမ်းက ကျေးရွာနှစ်ခုကို စစ်ကောင်စီတပ်က ဇွန်လ ၂၂ ရက် မ‌နေ့ညနဲ့ ၂၃ ရက်နေ့ ဒီနေ့မနက်စောစောမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး၊ ကလေးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ဖရူဆိုမြို့နယ်က လိခူပရာရွာနဲ့ ဒိုရောရွာ တို့ ဖြစ်ပါတယ်။

လိခူပရာရွာကို မနေ့ည သန်းခေါင်အချိန်မှာ လေကြောင်းကနေ ပစ်ခတ်ခဲ့သလို၊ ဒီနေ့မနက် ၄ နာရီမှာလည်း လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ စာသင်ကျောင်းနဲ့ နေအိမ် လေးလုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိခူပရာရွာကို ဒီမနက်စောစောက ဗုံးကြဲတိုက်ခိုက်ခဲ့သလို  ဒိုရောရွာကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေး နှစ်ဦး ဒဏ်ရာ ရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖရူဆိုဒေသခံတစ်ဦးက RFA ကို ဒီနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။

“လိခူပရာနဲ့ ဒိုရောရွာ က နည်းနည်းဝေးတယ်။ ညသန်းခေါင်မှာ လိခူပရာကို လေကြောင်းကနေ လာပစ်တော့ ဒီဘက် ဒိုရောရွာဘက်ကိုတော့ မလာလောက်ဘူးထင်ပြီး နေနေကြတာ။ မနက် ၄ နာရီမှာ လိခူပရာရော ဒိုရောရွာကိုပါ ထပ်ပြီး ဗုံးလာကြဲတာ။ အိပ်မောကျနေချိန်ဆိုတော့ တချို့က မရှောင်နိုင်ကြဘူးပေါ့နော်။ အမျိုးသား တစ်ယောက်တော့ သေသွားတယ်။ ကလေးနှစ်ယောက်က ဒဏ်ရာ ရသွားတယ်”

ဒိုရောရွာမှာ ဗုံးဒဏ်ကြောင့် လူသေဆုံးတဲ့အပြင် နေအိမ် ငါးလုံးလောက်လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။ သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ နာမည်အတိအကျသိရဖို့ စုံစမ်းနေဆဲလို့  ဆိုပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညား ကလည်း လေကြောင်းတိုက်ခိုက်ခံရလို့ လူသေဆုံး ထိခိုက်တာ မှန်ကန်ကြောင်းနဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းနေဆဲလို့ RFA ကို ပြောပါတယ်။

လိခူပရာနဲ့ ဒိုရော နှစ်ရွာလုံးဟာ  အိမ်ခြေ ၄၀ ကနေ ၅၀ ကြားရှိ ရွာငယ်လေးတွေ ဖြစ်ပါတယ်။ ကယားပြည်နယ်ဟာ ပထဝီဝင် အနေအထားကြောင့် အစကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လူဦးရေနည်းတဲ့ ပြည်နယ်လေး ဖြစ်ပါတယ်။

အခုဗုံးကြဲတိုက်ခိုက်ခံရတဲ့ ရွာနှစ်ရွာဟာလည်း ဖရူဆိုမြို့နယ်မှာ  လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကယားပြည်နယ်တစ်ခုလုံးမှာ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ တွေ လှုပ်ရှားနေပေမယ့် ဒီရွာတွေမှာ လတ်တလော တိုက်ပွဲဖြစ်တာမရှိဘဲ ဘာကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့သလဲဆိုတာ နားမလည်နိုင် ဖြစ်ရတယ်လို့  ဆိုပါတယ်။

မနေ့ညနဲ့ ဒီမနက် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံရွာသားတွေဟာ နီးစပ်ရာတောတောင်တွေမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ် စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦး ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

တိုးတက်သောကရင်နီပြည်သူ့အင်အား စု PKPF ရဲ့ အခုလ ၁ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ၆၉၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၆၃ ကြိမ်လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီနှစ်နှစ်ကျော်အတွင်း လက်နက်ကိုင် ပဋိပက္ခရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ကယားပြည်နယ်တစ်ခုလုံးမှာ ၄၆၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီမှာ ၁၅ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာလို့ PKPF က ထုတ်ပြန်ထားပါတယ်။  

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။