ဖရူဆိုအရှေ့ခြမ်း ဒုက္ခသည်စခန်းတွေမှာ ဝမ်းရောဂါဖြစ်သူများလာ
ကယားပြည်နယ်၊ ဖရူဆိုမြို့ အရှေ့ဘက်အခြမ်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ရွာအချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိ ကလေး၊ လူကြီး အယောက် ၂၀၀ ဝန်းကျင်လောက် ဝမ်းရောဂါ ဖြစ်နေတာလို့ ဖရူဆိုမြို့နယ်အတွင်းက ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မဖူးမော်က RFA ကို ပြောပါတယ်။
“တစ်နေရာမှာ ကလေး၊ လူကြီး အယောက် ၂၀၊ ၃၀ လောက် စဖြစ်နေပြီပေါ့။ အခု ဖရူဆို အရှေ့ဘက်အခြမ်း တစ်ခုလုံးဆိုရင် ၂၀၀ ဝန်းကျင်လောက် စဖြစ်နေတယ်။ ဖြစ်တဲ့နေရာကလည်း ရေရှားတဲ့နေရာတွေပေါ့နော်။ ဖရူဆိုအရှေ့ဘက်အခြမ်း တစ်ခုလုံးက ရေရှားတယ်။ နောက်တစ်ခုက ကျန်းမာရေးအသိပညာ အားနည်းတော့ တစ်ဦးစဖြစ်ရင် စုပြုံနေရတာဆိုတော့ ကူးကုန်တာကများတယ်”
ဖရူဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်ဦးရေ ခုနစ်သောင်းဝန်းကျင် ရှိပါတယ်။
သူတို့ဟာ ဒုက္ခသည်စခန်းတစ်ခုမှာ တစ်ရာကနေ နှစ်ရာကြား စုနေထိုင်နေကြရသလို တချို့ကတော့ ရွာတွေ အနီးမှာပဲ ပြန့်ကျဲပြီး နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ဝမ်းရောဂါဖြစ်တဲ့ နေရာတွေကို ဒုက္ခသည်အရေးကူညီနေတဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ စေတနာ့ဝန်ထမ်းတွေက သွားရောက်ကူညီပေးနေပေမယ့် ဆေးဝါးလုံလောက်မှု မရှိဘူးလို့ မဖူးမော်က ပြောပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားကလည်း လက်ရှိအချိန်ဟာ ဝမ်းပျက်ဝမ်းလျှောရာသီဖြစ်လို့ ဒီးမော့ဆိုအနောက်ဘက်အခြမ်းနဲ့ အရှေ့ဘက်အခြမ်းက ဒုက္ခသည်စခန်းတချို့မှာ ဝမ်းရောဂါစဖြစ်နေပြီး အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။
ဒုက္ခသည်တွေ ဝမ်းရောဂါဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကယားပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သိန်းဝန်းကျင်ရှိနေပြီး အများစုက ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက ဖြေဆိုထားပါတယ်။