ဆိုင်းဘုတ်ဖြုတ်ချခံရမှုကို တိုင်ချက်ဖွင့်
2018.03.20

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်က ကျေးရွာ ၂ ရွာမှာ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ် ရေးကော်မတီ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံသားများ ပုဂ္ဂလိကဆိုင်ရာ လုံခြုံမှုကို ကာကွယ်တဲ့ဥပဒေနဲ့ အရေးယူပေးဖို့ ကော်မတီတာဝန်ရှိသူတွေက ရွှေလောင်းနယ်မြေ ရဲစခန်းကို တိုင်ကြား လိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရတာဖြစ်တဲ့အတွက် တိုင်ချက်ဖွင့်ခဲ့တာကို စခန်းမှူး ကလည်း လက်ခံလိုက်တယ်လို့ တိုင်ချက်ဖွင့်ရာမှာပါဝင်ခဲ့တဲ့ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှူး ဦးဇော်ရမ်း က ပြောပါတယ်။
"ပြောချင်တာက ဘာလဲဆိုတော့ အမိန့်စာမပါဘူး၊ အဲတော့ လက်မခံဘူးလို့ ပြောတဲ့အခါ နောက်နေ့ မှာတော့ Viber ကနေပြီးတော့ အမိန့်ပေးတယ်ဆိုပြီးတော့ အတင်းဖြုတ်ချလိုက်တယ်ပေါ့၊ အဲဒါကို ကျနော်တို့က တရားစွဲ တယ်၊ စွဲတာက ကျနော်တို့က နှစ်ပိုင်းပါ၊ ရွာသားတွေကစွဲတာကတော့ အတင်းအဓမ္မ ဒါကြီးကို ဖြုတ်ချသွားတဲ့ အတွက် ဓါးပြမှုလို အမှုပေါ့နော်၊ အဲဒါနဲ့စွဲတယ်၊ ကျနော် တို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်တဲ့အတွက် ကျနော်တို့ဗဟိုအဖွဲ့အနေနဲ့ နိုင်ငံသားများ ပုဂ္ဂလိကဆိုင်ရာ လုံခြုံမှု ကို ကာကွယ်တဲ့ဥပဒေနဲ့ တရားစွဲပေးပါဆိုပြီးတော့ ကျနော်တို့က တိုင်ချက်ဖွင့်ခဲ့တယ်၊ အဲဒါကို စခန်းမှူးက နေပြီးတော့ သူတို့လက်ခံပါတယ်ပေါ့နော်"
ရွှေလောင်းနယ်မြေ ရဲစခန်းမှူးက အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ်လို အရေးယူဆောင်ရွက်မယ်ဆိုတာကို အကြောင်းပြန်ကြားပေးမှာဖြစ်ကြောင်း ပြောတယ်လို့ သိရပါတယ်။
ဝါးခယ်မမြို့နယ်က တိုက္ကလားကျေးရွာနဲ့ ပေတောကျေးရွာတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော် ထုတ်ရေးကော်မတီ ဆိုင်းဘုတ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက တင်ခဲ့တာဖြစ်ပါတယ်။
အဲဒီဆိုင်းဘုတ်တွေကို ဝါးခယ်မမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဖြုတ်ခိုင်းလို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တွေ ဦးဆောင်တဲ့အဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ဖြုတ်သိမ်းသွားခဲ့တာဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မတီဗဟိုတာဝန်ရှိသူတွေက သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် တေ့ွဆုံခွင့် မရသေးဘူးလို့ သိရပါတယ်။
ကော်မတီဟာ အဲဒီကျေးရွာတွေမှာ လယ်ယာသိမ်းဆည်းခံရတဲ့ကိစ္စတွေ၊ အင်းသူကြီးတွေနဲ့ ရေလုပ်သားတွေရဲ့ ပြဿနာတွေ၊ တောင်သူ လယ်သမားဖွံ့ဖြိုးရေးကိစ္စတွေနဲ့ သက်ငယ်မုဒိမ်းမှုပညာပေးဖို့ကိစ္စတွေ လုပ်ဆောင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အခုလို ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းခံရတာကြောင့် ကျေးရွာလူထုက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။