စစ်ကောင်စီကို ကူညီနေတဲ့ နိုင်ငံခြားဘဏ်တွေကို အရေးယူဖို့ HRW တိုက်တွန်း
2024.06.28
စစ်ကောင်စီကို အကူအညီပေးနေတဲ့ နိုင်ငံခြားဘဏ်တွေကို ချက်ချင်းအရေးယူဖို့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့HRW က တိုက်တွန်းလိုက်ပါတယ်။
၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာက စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားဘဏ်တွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူပြီးနောက် စစ်ကောင်စီဟာ စစ်လက်နက်နဲ့ တခြားစစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူရာမှာ နိုင်ငံခြားဘဏ်တွေကို သုံးပြီး ငွေလွှဲပြောင်းခဲ့တဲ့အကြောင်း ဇွန်လ ၂၆ ရက်နေ့ကထုတ်ပြန်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထိုင်း၊ စင်ကာပူနဲ့ တခြားနိုင်ငံတွေက အာဏာပိုင်တွေအနေနဲ့ သက်ဆိုင်ရာ ဘဏ်လုပ်ငန်းတွေကို မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ပြီးကျူးလွန်နိုင်အောင် ကူညီပေးတဲ့ဝန်ဆောင်မှုတွေ မပေးသင့်ကြောင်း သတိပေးဖို့လည်း HRW က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဟာ ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီကနေ သဘာဝဓာတ်ငွေ့စီမံကိန်းအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၆၆ဝ ပေးချေထားတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဆီ ပေးချေထားတာလည်း ဖြစ်ပါတယ်။
PTT ကုမ္ပဏီအပြင် အစီရင်ခံစာပါ ထိုင်းဘဏ်တွေအနေနဲ့ မြန်မာစစ်ကောင်စီအတွက် ငွေကြေးလွှဲပြောင်းတာတွေ၊ ငွေပေးတာတွေ ရပ်တန့်ဖို့ HRW က တိုက်တွန်းပါတယ်။ ထိုင်းကုမ္ပဏီတွေအနေနဲ့ MOGE နဲ့ ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုအားလုံး ရပ်ဖို့ ညွှန်ကြားသင့်တယ်လို့လည်း ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။
စစ်ကောင်စီအတွက် လေယာဉ်ဆီရရှိရေးမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို နိုင်ငံတကာအစိုးရတိုင်းက ပိတ်ဆို့အရေးယူသင့်တယ်လို့ HRW ကြေညာချက်မှာ ပါရှိပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက စစ်ကောင်စီလက်အောက်ခံဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့ နိုင်ငံတကာ ဘဏ်တွေအနေနဲ့ ဒီလုပ်ရပ်ကို ရပ်တန်းက ရပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ဒီတောင်းဆိုချက်ဟာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေကြား ဆက်ဆံရေးထိခိုက်စေတယ်ဆိုပြီး ကန့်ကွက်ကြောင်း ဇွန်လ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ထားပါတယ်။